မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျ တက္ကသိုလ်တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်မည့် စာချုပ်များ ပထမဆုံးအကြိမ် ချုပ်ဆိုမည်

ပို့စ်တင်ချိန် - 11/12/2013 11:27:00 AM

ဆေးတက္ကသိုလ် (မန္တလေး)အား တွေ့ရစဉ်

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များ ပူးပေါင်း၍ အဆင့်မြင့် ပညာကဏ္ဍ မြှင့်တင်မည့် စာချုပ်များကို ပထမဦးဆုံးအကြိမ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် ဆစ်ဒနီတက္ကသိုလ်ခွဲ တစ်ခုဖြစ်သည့် Sydney Medical School ဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရာတွင် အဆင့်မြင့် ပညာကဏ္ဍ၌ တက္ကသိုလ် အချင်းချင်း ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့် တင်နိုင်ရန် အချက်အလက်များ ဖလှယ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ပါမောက္ခများအား ပညာတော်သင် စေလွှတ်ခြင်းနှင့် အဆင့်မြင့်ပညာ ကဏ္ဍတွင် သုတေသန လုပ်ငန်းများအား ယင်းတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းတက္ကသိုလ်မှ မန္တလေး ဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်များနှင့် စာချုပ်များချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိသော ရန်ကုန်ဆေးတက္ကသိုလ် အပါအ၀င် အခြားဆေးတက္ကသိုလ် များနှင့်လည်း တက္ကသိုလ် များအကြား အဆင့်မြင့် ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် စာချုပ်များ ဆက်လက်ချုပ်ဆို သွားမည်ဖြစ်သည်။
''မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ် အတော်များများနဲ့ သူတို့က ပူးပေါင်းကြမှာ ဖြစ်ပါတယ်။ ဒါပထမဦးဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ နောက်ထပ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့လည်း တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု မန္တလေး ဆေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ထို့ပြင်နိုင်ငံတကာရှိ ပြင်သစ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အီတလီနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များမှ ဆေးတက္ကသိုလ်များ အပါအ၀င် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် တက္ကသိုလ် အချင်းချင်း အဆင့်မြင့် ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
ထို့ပြင် မန္တလေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မန္တလေး ဆေးတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများအား ယင်းထိပ်တန်း တက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။
''ဆေးတက္ကသိုလ်မှာက ကျောင်းသား ကျောင်းသူဦးရေနဲ့ ပစ္စည်းကိရိယာအင်အား ဆရာအင်အား မလုံလောက်တာက တော်တော်ကြာနေပြီ။ ကျွန်တော်တို့ကဆိုရင် မိုက်ခရိုစကုပ် (အနုကြည့်မှန်ပြောင်း) တစ်လုံးကို လူ ၁၀ ယောက်လောက် တိုးဝှေ့ကြည့်ရတယ်။ ဒုတိယနှစ် ခန္ဓာဗေဒသင်တော့လည်း ဘော်ဒီ (အလောင်း) တစ်ခုကို လူ ၃၀၊ ၄၀ လောက် ၀ိုင်းကြည့်ရတယ်။ အခုလို ပူးပေါင်းအဆင့် မြှင့်မယ်ဆိုတာ ကြိုဆိုရမှာပါ'' ဟု ၂၀၁၂ ခုနှစ်တွင် ဆေးပညာ ဘွဲ့ရရှိထားသူ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဖြိုးသန့်က ပြောကြားခဲ့သည်။
''လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တဲ့ အတွက် ကျွန်တော်တို့ တိုင်းပြည်မှာ နောက်ကျကျန်နေခဲ့ရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အခုလို ပြည်ပက တက္ကသိုလ်တွေနဲ့ ပြန်လည်ပူးပေါင်း လုပ်ဆောင်သွားမယ်ဆိုတာ အလွန်ကောင်းတဲ့ လက္ခဏာပါ။ နိုင်ငံတကာမှာ ပညာရပ်ဆိုင်ရာတွေက ခေတ်နဲ့အညီ တိုးတက်နေပြီး သုတေသန ရလဒ်တွေပေါ် မူတည်ကာ တိုးတက်မှုတွေလည်း အများကြီး ဖြစ်နေတယ်'' ဟု မာရီစတုပ် အင်တာနေရှင်နယ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုသည်။
''အရင်အစိုးရ လက်ထက်တုန်းကတော့ ဒေသတွင်း နိုင်ငံအချို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျောင်းတစ်ခုနှစ်ခုနဲ့ လုပ်တာမျိုးပဲ ရှိခဲ့တယ်။ အခုလို တစ်နိုင်ငံလုံး ဆေးကျောင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုး သိပ်မရှိခဲ့ဘူး။ အဓိက မြန်မာနိုင်ငံက ဆေးကျောင်းတွေမှာ သင်ကြားမှုပုံစံတွေ၊ သုတေသန ပြုလုပ်ချက်တွေက ရလာတဲ့ လေ့လာမှုတွေ လုပ်တဲ့အပိုင်း အားနည်းနေတယ်။ သင်ရိုးတွေကတော့ အတူတူပဲ။ ဒါပေမယ့် သုတေသန ပြုလုပ်ပြီး လေ့လာတဲ့အပိုင်းက ပြည်ပ တက္ကသိုလ်တွေက အရမ်းအားကောင်းတော့ ဒါတွေကို ပြန်လုပ်စေချင်တယ်'' ဟု ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာစည်သူက ဆိုသည်။
Eleven Media Group