အမျိုးသမီးတစ်ဦးကို လက်ထပ်မည်ဟုဆိုကာ အတူနေပြီး ယောက္ခမလောင်းနှင့်ပြဿနာဖြစ်သူ ဗိုလ်ကြီးအား ပုဒ်မငါးခုဖြင့် အမှုဖွင့်

ပို့စ်တင်ချိန် - 11/12/2013 10:49:00 AM


တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးက အမျိုးသမီးတစ်ဦးနှင့် လက်ထပ်မည်ဟုဆိုကာ အတူနေပြီးနောက် ယောက္ခမလောင်းနှင့် စကားများရန်ဖြစ်ကာ ဣနြေ္ဒပျက်အောင် ဆဲဆိုကြိမ်းမောင်းသောကြောင့် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသမီး၏မိခင်နှင့် ကားလမ်းမပေါ်တွင် အပြန်အလှန်စကားများကြစဉ် ဗိုလ်ကြီးက မိခင်၏လက်အား လိမ်ချိုး၍ ရင်ဘတ်ကို ဆွဲသောကြောင့် အင်္ကျီကြယ်သီးများ ပြုတ်ထွက်ပြီး ညာဘက်လက် ညိုမဲကာ နာကျင်သောဒဏ်ရာများ ရရှိသည့်အပြင် ဆဲဆိုကာ သတ်ပြစ်မည်ဟု ကြိမ်းမောင်းခဲ့သောကြောင့် အမျိုးသမီး၏မိခင်က တရားလိုပြု၍ တာမွေမြို့မရဲစခန်းတွင် ပုဒ်မငါးခုဖြင့် အမှုဖွင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူနှင့် ချစ်ကြိုက်နေသည်ဟုဆိုကာ ပေါင်းသင်းမည်ဆိုခဲ့၍ အိမ်သို့တစ်ခေါက်လာလည်ပြီးနောက်ပိုင်း ထပ်မလာတော့၍ အမျိုးသမီး၏မိခင်က ဗိုလ်ကြီးအား ဖုန်းဆက်ပြီး နေအိမ်သို့လာရန် ခေါ်သောအခါ မလာနိုင်ကြောင်း ပြန်ပြောသောကြောင့် နိုဝင်ဘာ ၉ နာရီ ညနေ ၆ နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းပေါ်ရှိ သျှင်ပါဂူဆေးရုံရှေ့တွင် တွေ့ဆုံကြစဉ် အထက်ပါအတိုင်း ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
““ဗိုလ်ကြီးကို တပ်ထိန်းထံ ကျွန်တော်တို့ လွှဲပေးလိုက်ရတယ်။ ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ။ ရဲလုပ်ငန်းတော့ ပြီးအောင်လုပ်ပေးလိုက်တယ်။ ကျန်တာကတော့ သူ့တပ်ကနေ ဆက်လုပ်လိမ့်မယ်။ ကျင့်ဝတ်ဆိုင်ရာအပိုင်းတို့ တပ်စည်းကမ်းတို့နဲ့ ညီ၊ မညီက သူ့တပ်ကဆုံးဖြတ်လိမ့်မယ်။ ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုတော့ ထပ်ပို့ပေးရဦးမယ်။ အမှုတွဲနဲ့ စစ်ဆေးပေါ်ပေါက်ချက်ပါ လွှဲလိုက်တယ်””ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၀ ရက် ညနေတွင် ပြောသည်။

သာကေတမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ပြီး ပေါင်းသင်းမည်ဆိုကာ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အိမ်သို့လိုက်လည်သောကြောင့် မိဘများက ထမင်းကျွေးမွေးဧည့်ခံ၍ ည ၉ နာရီအချိန်ခန့်တွင် အဆိုပါဗိုလ်ကြီး ပြန်သွားသည်ဟုဆိုသည်။ ထို့နောက် ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဗထူးတပ်တွင် တာဝန်ကျနေသည့် ယင်းဗိုလ်ကြီးက တောင်ကြီးမြို့သို့ အလည်ခေါ်သောကြောင့် အောက်တိုဘာ ၂၁ မှ ၂၉ ရက်အထိ ၎င်း၏ချစ်သူတစ်ဦးတည်း လိုက်သွားခဲ့သည်။
ထို့နောက် ယင်းဗိုလ်ကြီးသည် ရန်ကုန်သို့ ရောက်ရှိလာပြီး နိုဝင်ဘာ ၉ ရက် နံနက်တွင် သမီးဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး မြောက်ဥက္ကလာပရှိ ဟိုတယ်တစ်ခုတွင် သားမယားအဖြစ်ပြုကျင့်ကာ အမျိုးသမီးတစ်ယောက်တည်း ပြန်လွှတ်လိုက်သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
ထိုနေ့ညနေတွင် ဗိုလ်ကြီးကို ဖုန်းဆက်ခေါ်သော်လည်း အိမ်သို့မလာသောကြောင့် ရန်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် အမျိုးသမီး၏ မိခင်ကတရားလိုပြုကာ အများပြည်သူနေရာတွင် ညစ်ညမ်းအောင်ပြုလုပ်မှု ပုဒ်မ-၂၉၄၊ ရာဇ၀တ်မကင်းအောင် ခြောက်လှန့်မှု ပုဒ် မ-၅၀၆၊ ကာယိနြေ္ဒပျက်စေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်မှု ပုဒ်မ-၃၅၄၊ လိမ်လည်မှု-၄၁၇၊ နာကျင်စေမှု ပုဒ်မ-၃၂၃ တို့ဖြင့် တိုင်ကြားသောကြောင့် တာမွေ မြို့မရဲစခန်းမှ ည ၁၀ နာရီအချိန်တွင် အမှုဖွင့်ထားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဗထူးတပ်၊ ရကသ(၁)မှ ဗိုလ်ကြီးရဲသူအောင်အား တာမွေရဲစခန်းက ဖမ်းဆီးစစ်ဆေးပြီးနောက် သန်လျင်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်တပ်ထိန်းမှ တပ်မှူးက လာရောက်ခေါ်ဆောင်သွားကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၀ရက် ညနေတွင် ပြောသည်။

အလားတူဖြစ်စဉ်မျိုး ၂၀၁၃ နှစ်လယ်ပိုင်းက ဖြစ်ပွားခဲ့ဖူးပြီး တပ်မတော် ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံ (ခုတင်-၃၀၀)မှ ဗိုလ်ကြီးတစ်ဦးက အသက်မပြည့်သေးသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးကို သားမယားအဖြစ် ပေါင်းသင်းမည်ဆိုကာ မိဘများရှေ့၌ သက်သေခံစာချုပ်ပေါ်တွင် လက်မှတ်ထိုးကာ ဖြားယောင်သွေးဆောင်ပေါင်းသင်းမှုဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ပြစ်မှုဆိုင်ရာပုဒ်မ-၃၆၃/၃၆၆ ဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သတင်းရရှိသည်။

7DAY DAILY