တယ်လီနောဝန်ဆောင်မှု အသုံးပြုသူများအတွက် Wikipedia ဝန်ဆောင်မှုကိုပါ အသုံးပြုနိုင်ရန်ဆောင်ရွက်

ပို့စ်တင်ချိန် - 11/12/2013 11:20:00 AM


မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများအား လုပ်ကိုင်ခွင့်ရရှိရန် အော်ပရေတာအောင်မြင်ထားသော Telenor Group အနေဖြင့် Wikipedia ဝန်ဆောင်မှုအသုံးပြုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။

အာရှနှင့် ဥရောပရှိ တယ်လီနော ဝန်ဆောင်မှုအသုံးပြုသူများအတွက် Wikipedia Zero ဝန်ဆောင်မှုပေးရန် သဘောတူညီမှုထားရှိသည့်အတိုင်း မြန်မာနိုင်ငံအားလည်း ထိုဝန်ဆောင်မှုပေးမည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ တယ်လီနော၏ ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိုဘိုင်းဖုန်းမှ အင်တာနက်အသုံးပြုခ ပေးဆောင်ရန်မလိုဘဲ Wikipedia မှ ဗဟုသုတများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ “အင်တာနက်အသုံးပြုခမကုန်ဘဲ Wikipedia အသုံးပြုနိုင်တာဟာ မိုဘိုင်းဖုန်းသုံးတဲ့သူတွေကို တချို့ဆို ပထမဦးဆုံးအနေနဲ့ အင်တာနက်ကို အသုံးပြုဖို့ မိတ်ဆက်ပေးတဲ့ နေရာမှာလည်း အထောက်အကူရပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. John Fredrik
Baksaas မှ ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မိုဘိုင်းဖုန်းများအတွက် သီးသန့် Wikipedia ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မွန်တီနီဂရိုနိုင်ငံတို့တွင် စတင်လွှင့်တင်ခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဆားဗီးယားနိုင်ငံတို့တွင် Wikipedia Zero ကို စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ တယ်လီနောနှင့် Wikimedia Foundation ကြားမှ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး တယ်လီနောအသုံးပြုသူများအား အင်တာနက်ခမယူဘဲ Wikipedia သုံးစွဲနိုင်ရန် အတူတကွရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telenor Group အနေဖြင့်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိမည့် အော်ပရေတာတစ်ခုအဖြစ် ရွေးချယ်ခံထားရကာ လက်ရှိတွင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် လိုင်စင်သဘောတူညီမှုအတွက် နောက်ဆုံးအဆင့် သဘောတူညီမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးလျက်ရှိကြောင်း၊ လိုင်စင်သဘောတူညီမှု လက်မှတ်ရေးထိုးပပြီး နောက်ရှစ်လအကြာတွင် မြန်မာနိုင်ငံ၌ဝန်ဆောင်မှုများ စတင်ပေးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။ Wikipedia Zero ဖြင့် ကမ္ဘာ့ဗဟုသတုများကို မြန်မာနိုင်ငံတွင် ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထွန်းထွန်း
Internet Journal