အရံရွှေ ၇ တန်ကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၈ ဘီလီယံကျော် ရှိ

ပို့စ်တင်ချိန် - 11/12/2013 06:41:00 PM


အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွေ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေမှာ ငွေသားအနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေမှာ ဘဏ်အကောင့်တွေအနေနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တခေါက် လွှတ်တော်မှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ လာရောက် ရှင်းလင်းစဉ် နိုင်ငံခြား အရံငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ပဲ ရှိတယ်ဆိုပေမယ့် အဲဒါဟာ စက်တင်ဘာ ၁၀ ရက်နေ့ စာရင်းဖြစ်ကြောင်း၊ နိုင်ငံခြား အရံငွေဆိုတာ အမြဲတန်း ပြောင်းလဲနေကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် မြန်မာနိုင်ငံရဲ့ ရွှေ စာရင်းနဲ့ နိုင်ငံခြား အရံငွေ စာရင်းကို လွှတ်တော်မှာ လာရောက် ထွက်ဆိုဖို့ သူရဦးရွှေမန်းက ညွှန်ကြားခဲ့တာကြောင့် ခုလို လာရောက်ထွက်ဆိုရတာ ဖြစ်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ