မန္တလေး-မင်းကွန်း ခရီးစဉ်အား အဆင့်မြင့် ရေယာဉ်များဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် ပြေးဆွဲမည်

ပို့စ်တင်ချိန် - 11/12/2013 01:05:00 PM

(မင်းကွန်းထင်းဝင်း ဆိပ်ကမ်းတွင် အဆင့်မြင့်ရေယာဉ်များ ရပ်နားထားစဉ်)

ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် မန္တလေး-မင်းကွန်း ခရီးစဉ်အား အဆင့်မြင့် ရေယာဉ်များဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး-မင်းကွန်း ခရီးစဉ်အား ယခင်က နိုင်ငံခြားသား ခရီးသည် သီးသန့်ပို့ဆောင်ရေး ရေယာဉ်အသင်းမှ ပို့ဆောင်ပေးလျက် ရှိရာတွင် ယခုအခါ Myanmar River Group(MGRG) မှ ပြည်တွင်း၊ ပြည်ပ ခရီးသွားများပါ သွားလာနိုင်ရန် လူ ၁၁၂ ဦး လိုက်ပါစီးနှင်းနိုင်မည့် ရေယာဉ်အကြီးတစ်စီး၊ လူ ၇၀ စီး ရေယာဉ်အလတ်စား နှစ်စီး နှင့် လူ ၂၀ စီး အသေးစား ရေယာဉ်နှစ်စီး စုစုပေါင်း ရေယာဉ်ငါးစီးဖြင့် ထင်းဝင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားကာ စတင်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုပြေးဆွဲပေးတဲ့ ရေယာဉ်တွေနဲ့ မန္တလေး-မင်းကွန်း ခရီးစဉ်ကို နေ့စဉ်လိုင်းပုံစံ ပြေးဆွဲပေးသွားမှာပါ။ အခြားခရီးစဉ်တွေ ဖြစ်တဲ့ ဧရာဝတီလင်းပိုင် လေ့လာကြည့်ရှု ချင်သူတွေ အတွက်လည်း စင်းလုံးငှားနိုင်အောင် စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေ အတွက်လည်း တစ်မိုင်ကို ရှစ်ဒေါ်လာနှုန်းနဲ့ အသုံးပြုနိုင်ပါတယ်'' ဟု MGRG မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''အရင်က ပြည်တွင်းခရီးသွားတွေ အနေနဲ့ မင်းကွန်းကို သွားမယ်ဆိုရင် ဈေးမော်တော်လိုင်းတွေနဲ့ သွားရတယ်။ အခုလို ရေငြိမ်နေတဲ့ အချိန်က သိပ်ပြဿနာ မရှိဘူး။ လှိုင်းလေရှိတဲ့အချိန် ဒေသခံ မဟုတ်တဲ့ တချို့အမျိုးသမီးတွေက မသွားရဲကြဘူး။ နိုင်ငံခြားသားသီးသန့် ပြေးဆွဲတဲ့ ရေယာဉ်တွေကလည်း ပြည်တွင်းခရီးသည်ဆို မတင်ချင်ကြဘူး။ အခုလို အဆင့်မြင့် ရေယာဉ်တွေနဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွာတွေ ပို့ဆောင်ပေးမယ် ဆိုတော့ ကောင်းပါတယ်'' ဟု ရန်ကုန်မြို့မှ မင်းကွန်းဒေသသို့ လာရောက်လည်ပတ်သူ ခရီးသွားတစ်ဦးက ပြောပြသည်။

MGRG မှ စတင်ပြေးဆွဲမည့် ရေယာဉ်များကို ထင်းဝင်းဆိပ်မှ အဆန်ခရီးအဖြစ် နံနက် ၉ နာရီနှင့် ၉ နာရီခွဲတွင် စတင်ပြေးဆွဲ ပြေးသွားမည်ဖြစ်ပြီး အစုန်/အပြန် ခရီးအဖြစ် မင်းကွန်းမှ ညနေ ၂ နာရီနှင့် ၂နာရီ ခွဲတွင် ထွက်ခွာပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း၊ လိုက်ပါစီးနှင်းမည့် ပြည်တွင်းခရီးသည် တစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၅၀၀၀ နှင့် နိုင်ငံခြားသား ခရီးသည်တစ်ဦးလျှင် ရှစ်ဒေါ်လာနှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group