အစိုးရအပါအ၀င် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာပြန်လည် အပ်နှံရမည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ပို့စ်တင်ချိန် - 2/14/2014 08:49:00 PM


အစိုးရအပါအဝင် အဖွဲ့အစည်းများ၏ ပိုလျှံငွေများကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခြင်း မပြုဘဲ မတ် ၃၁ ရက် မတိုင်မီ တိကျစွာ ပြန်လည်အပ်နှံရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရအသုံးစာရင်းများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လာရောက်ရှင်လင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ တောင်းခံချိန်တွင် သက်ဆိုင်ရာဌာန အဖွဲ့အ စည်းများက အမှန်တကယ် သုံးစွဲကုန်ကျငွေ အတိအကျကိုသာ တွက်ချက်တောင်းခံကြရန်နှင့် မလွှဲရှောင်သာသော အကြောင်းများကြောင့် ပိုလျှံငွေ ပေါ်ပေါက်ခဲ့ပါက ယင်းပိုလျှံငွေကို အခြားမည်သည့် ကိစ္စအတွက်မျှ လွှဲပြောင်းသုံးစွဲခွင့်မရှိဘဲ ပြန်လည်အပ်နှံကြရန် ဖြစ်ကြောင်း ကြိုတင်ညွှန့်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

ထြို့ပင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ပိုလျှံငွေပြန်လည် အပ်နှံမှုများကို ယခင်နှစ်များကဲ့သို့ ဘဏ္ဍာနှစ်ကုန်ဆုံးပြီးသည့် အချိန်အထိ အကြိမ်ကြိမ် အပ်နှံမှုများ မဖြစ်ပေါ်စေရန်အတွက် ပထမအကြိမ် အပ်နှံခြင်း ကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နှင့် ဒုတိယအကြိမ်အဖြစ် အပ်နှံခြင်းကို ၂ဝ၁၄ခုနှစ် မတ် ၃၁ ရက်တွင် တိကျစွာ ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ အပ်နှံကြရာတွင် ဝန်ကြီးဌာနများမှ ပိုလျှံငွေစာရင်းများအား အကြိမ်ကြိမ် အပ်နှံခြင်းမပြုဘဲ သတ်မှတ်ထားသော နေ့ရက်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန များက လက်အောက်ခံ အဖွဲ့အစည်းများအား စုစည်းပေါင်းချုပ်၍ အပ်နှံကြရန် ညွှန့်ကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများတွင် ပိုလျှံငွေပြန်လည် အပ်နှံရခြင်း အကြောင်းအရင်းများမှာ ၂ဝ၁၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့ အစည်းများသည် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲနိုင်သည်ဟု ဖော်ပြထားသောကြောင့် လွှဲပြောင်းသုံးစွဲရန် အခက်အခဲရှိသဖြင့် လည်းကောင်း၊ ဖြည့်စွက်ခွင့်ပြုငွေကို ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးမှ ခွင့်ပြုခဲ့သဖြင့် သုံးစွဲရမည့် အချိန်ကာလ နည်းသွားသဖြင့် အသုံးစရိတ်များကို အပြည့်အဝ သုံးစွဲနိုင်ခြင်း မရှိသဖြင့် လည်းကောင်း ပိုလျှံငွေများ ပေါ်ပေါက်ရခြင်း ဖြစ်သည်ဟု ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

Eleven Media Group