၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားမည်ဟု ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးကော်မတီ ပြောကြား

ပို့စ်တင်ချိန် - 2/14/2014 08:50:00 PM

ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ ၈၈ ရုံးခန်းတွင်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

တင်းကျပ်သည့် ဥပဒေများဖြင့် ပြဌာန်းထားသည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် လာအောင် ကြိုးစားမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးတွင် ပြုလုပ်သော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ် ၃၅ ဦးပါဝင်သော ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရန်အတွက် အားလုံးပါဝင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ်ကို ခေါ်ယူနိုင်ရန် လိုအပ်ကြောင်း၊ ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီအနေဖြင့် အဆိုပါ ညီလာခံ ဖြစ်ပေါ်လာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွန်းအားပေးသွားမည် ဖြစ်သည်ဟု ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

ဦးမင်းကိုနိုင်က “ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ပြန်ပြီးတော့ ပြင်ရေးဆိုတာ ပါလာပါပြီ။ အဲဒီ ပြင်ဆင်ရေးအတွက် ဘယ်ပုံဘယ်နည်း သွားကြမလဲ ဆိုတဲ့အခါ တစ်ဆက်တည်းပေါ့လေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်ပါဆိုရင် တစ်မျိုးသားလုံးပြန်ပြီး စုမိမယ့် ပြည်ထောင်စုညီလာခံ တစ်ခုတော့လိုပြီလို့ သုံးသပ်မိကြပါတယ်။ အဲဒီတော့ အနိမ့်ဆုံးတော့ စတိတ်ဟိုဒါခေါ်တဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအရ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရောက်နေတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လိုက်လံရှင်းပြပြီးတော့ အဲဒီ ပြည်ထောင်စု ညီလာခံဟာ ဘယ်လိုဖြစ်သင့်သလဲ ဘယ်သူတွေ ကိုယ်စားပြုပြီးတော့ တက်ရောက်သင့်သလဲ၊ ဆွေးနွေး ဆုံးဖြတ်ရမယ့်ပုံစံဟာ ဘယ်လိုမျိုး ဖြစ်သင့်သလဲဆိုတာ ကျွန်တော်တို့စပြီးတော့ လိုက်လံထိတွေ့ပြီးတော့ သဘောထားတွေ ယူပါတော့မယ်”ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြင်းပယ်နေသည့်သူများ ရှိနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ယှဉ်ကြည့်ပါက ဖွဲ့စည်းပုံမပြင်ဘူးဆိုသည့် လူအရေအတွက်သည် အင်မတန်နည်းကြောင်း၊ အမှန်တရားနှင့် တရားမျှတမှုကို အမှန်တကယ် လိုလားသည့် ပြည်သူများ တိုင်းရင်းသား အင်အားစုများသာ စုမိဖို့သာ လိုအပ်ကြောင်း၊ ယင်းသို့ စုမိသည့်နေ့သည် ဖွဲ့စည်းပုံကို အများဆုံးပြောင်းနိုင်သော နေ့ပဲဖြစ်ကြောင်း၊ ပြည်ထောင်စုညီလာခံ ကျင်းပရေးသည်လည်း နောက်လာမည့် နှစ်ဆန်းထက်နောက်ကျလို့ မရကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

“၂ဝ၁၅ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ဖြတ်သန်းချင်တယ်ဆိုရင် နိုင်ငံရေး ကျေလည်မှုတစ်ခုတော့ အနည်းဆုံး ရရလိမ့်မယ်။ နိုင်ငံရေး ကျေလည်မှုဆိုတာက နိုင်ငံရဲ့ ကျွန်တော်ဆိုလိုတာနော် အာဏာသုံးရပ်ထဲမှာ ပါချင်ပါမယ် မပါချင် မပါဘူးနော်။ အဲဒီနိုင်ငံရေး အင်အားစုတွေဟာ။ သူတို့ဟာ အာဏာသုံးရပ်ထဲ မပါပေမယ့် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ကျေလည်မှု ယူရပါလိမ့်မယ်။ အဲဒါမှသာ ၂ဝ၁၅ ဟာ ချောချောမွေ့မွေ့နဲ့ငြိမ်း ငြိမ်းချမ်းချမ်း ဖြတ်သန်းလို့ရမှာပါ။ အဲဒီအတွက်ကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ရှင်းလင်းပြီးတော့ အများစုကသဘောတူထားတဲ့ အခြေအနေတစ်ခု ရောက်အောင်တော့ ကျွန်တော်တို့ ကြိုးစားပါ့မယ်”ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင်ရန်ခက်ခဲသည်ဟု ပြောဆိုနေမှုများ ရှိကြောင်း၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း လက်ရှိဖွဲ့စည်းပုံပြင်ဆင် ရေးလုပ်ထုံးလုပ်နည်းများ အတိုင်းဖြစ်ကြောင်း၊ သို့သော် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပိုမိုတင်းကျပ်အောင် လုပ်ဆောင်ထားသည်ဟု ဦးကိုကိုကြီးကရှင်း ပြသည်။

“၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပဲ အခုလိုဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ။ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမယ်။ ပြီးတော့မှ ဆန္ဒခံယူပွဲမှာ ထက်ဝက်ကျော်က ထောက်ခံရမယ်ဆိုပြီး တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေ လုပ်ထားပါတယ်။ သို့သော် အဲဒါတောင်မှ အခု ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ နှုန်းယှဉ်ကြည့်မယ်ဆို ရင် ၂ဝဝ၈ ဖွဲ့စည်းပုံက ရွေးကောက်ခံကိုယ် စားလှယ် ၇၅ ပဲရှိပါတယ်။ ၇၄ ဖွဲ့စည်းပုံက တစ်ရာရာခိုင်နှုန်းစလုံးဟာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပါ။ ၇၄ ဖွဲ့စည်းပုံမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၁ဝဝ ထဲက ၇၅ ကိုဆိုလို တာဖြစ်ပြီးတော့ ၂ဝဝ၈ဖွဲ့စည်းပုံမှာကတော့ ရွေးကောက်ခံ ၇၅ ထဲမှာမှ ၇၅ ကျော်ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ၇၄ ထက်ကို တင်းကျပ်အောင် လုပ်ထားတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ အဲဒီပြဋ္ဌာန်းချက်တွေ အားလုံးဟာ ပြည်သူတွေနိုင်ငံရေးေ ခါင်းဆောင်တွေ ရဲ့ သဘောတွေ မပါဘဲနဲ့ တစ်ဖက်သတ်ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် အကဲဆတ်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသည် အကျပ်အတည်းကာလကို ရောက်ရှိနေကြောင်း၊ နိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်ပါက နိုင်ငံတွင် အကျပ်အတည်းဖြစ်နေသည့် အခြေအနေကို ကျော်လွှားချင်သည့် စိတ်ရှိပါက ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ထားသည့် အကန့်အသတ်များ၊ အဟန့်အတားများကို ကိုယ့်ဘာသာကိုယ် ကျော်လွှားလို့ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အကျပ်အတည်း ဖြစ်နေသည်ဆိုသည်ကို လက်ရှိတာဝန်ထမ်း ဆောင်သူများကိုယ်တိုင်သိကြောင်း၊ ယင်း အသိကို လေးလေးနက်နက်သိအောင် ဝိုင်းဝန်းတွန်းအားပေးနေကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲကြေညာချက်တွင်လည်း ငြိမ်းချမ်းသည့် နည်းလမ်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားသွားမည်ဟု ပါဝင်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ဒီနေ့ဒီအချိန်မှာလည်းပဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေပါအချက် အလက်တွေကိုပဲ အသေစွဲကိုင်ပြီးတော့ အဲဒီ ဥပဒေဘောင်အတိုင်းပဲ လုပ်လို့ရမယ် ဒီထက်ကျော်လို့ လုပ်လို့မရဘူးဆိုတဲ့ အခြေအနေ မျိုးတွေကို ကျွန်တော်တို့က သမိုင်းကြောင်း အထောက်အထားတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း ဒီပြုပြင်ပြောင်းလဲရေးမှာ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်လာအောင် ကျွန် တ်ာတို့ ကြိုးစားရမှာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ညီလာခံပေါ်ပေါက်ရေးကိစ္စ ကို ကျွန်တော်တို့ညီလာခံဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဦးကိုကိုကြီး က ဆက်လက်ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့ အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများအားလုံးအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုညီလာခံ ပေါ်ပေါက်ရေးစသည့် ဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်လာအောင် အတတ်နိုင်ဆုံးကြိုး စားဆောင်ရွက်သွားမည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။


Eleven Media Group