ပြည်ပအလုပ်အကိုင်ပြပွဲ ပြည်ပအလုပ်ရှင်များက မြန်မာများကို တိုက်ရိုက်ရွေးခေါ်မည်

ပို့စ်တင်ချိန် - 2/14/2014 07:47:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

နိုင်ငံခြား အလုပ်ရှင်များ တိုက်ရိုက် ရွေးခေါ်မည့် ပြည်ပ အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့တော်၌ မတ်လတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအလုပ်အကိုင်ပြပွဲတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ နိုင်ငံခြား အလုပ်ရှင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေးဂျင့်များ လာရောက်ကာ မြန်မာလုပ်သားများကို ရွေးချယ် ခေါ်ယူမည် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်က လူ ၄၀ ခန့်၊ ဟောင်ကောင်က အလုပ်ရှင်နှင့် အေးဂျင့် ၂၀ ခန့် လာရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ပ အလုပ်အကိုင်ပြပွဲကို မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများလည်း ပါဝင်ပြသမည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
“လူပေါင်း နှစ်ထောင်လောက်ကို အလုပ်ပေးနိုင်မယ်လို့ မျှော်မှန်းထားတယ်” ဟု ဦးမင်းလှိုင်က ဆိုသည်။

ပြည်ပတွင် အလုပ်လုပ်ရန် ရွေးချယ်ခံရသူများကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြပြီး အမြန်ဆုံး သွားရောက်ခွင့် ရရှိအောင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်း အလုပ်အကိုင် ပြပွဲကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly