လမ်းမဘေး တဲထိုးနေရသော သမီးကလေးကျေးရွာ အိမ်ထောင်စုဝင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်

ပို့စ်တင်ချိန် - 2/14/2014 08:07:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တပ်ပိုင်နယ်မြေတွင် ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှား ခဲ့သောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်နေရသူများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာက သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာပေါင်းလေးခုရှိ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်မှာ ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါ လူ ၇၀၀ ကျော်မှာ နေရာမရှိသောကြောင့် လမ်းဘေးတွင် ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိပြီး ကလေးငယ်အချို့နှင့် သက်ကြီးရွယ်အိုတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ကျောင်းဝင်းထဲမှာ သမီးကလေးကျေးရွာ အပါအဝင် အခြားရွာကသူတွေအပါ လူဦးရေ ၅၀၀ ကျော် ယာယီတဲထိုးပြီး နေနေတယ်။ မြေကြီးပေါ်မှာ အကာမလုံဘဲ နေရတာကြောင့် ကျန်းမာရေး ထိခိုက်တဲ့ သူတွေရှိတယ်။ အခုရက်ပိုင်းတွင်း ရန်ကုန်က ကျန်းမာရေး စောင့်ရှောက်အဖွဲ့ လာပြီး စစ်ဆေးတော့ ဝမ်းရောဂါပိုး တွေ့ရှိသူ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်လို့ပြောတယ်။ တခြားဖျက်သိမ်းခံရတဲ့ ရွာတွေမှာလည်း ဝမ်းရောဂါ ဖြစ်နေတယ်လို့ ကြားသိရတယ်” ဟု သမီးကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာက ပြောကြားသည်။

သမီးကလေးကျေးရွာ၊ အင်းမတီးကျေးရွာ၊ လက်ကျိုက်ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့ကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ နေအိမ်များ ဖယ်ရှားခံရသဖြင့် လမ်းဘေးတွင် ယာယီတဲထိုး နေထိုင်ပြီး အလှူရှင်များ လာရောက် လှူဒါန်းမှသာ စားသောက်ရကြောင်း အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ အနီးတွင် ယာယီတဲထိုး နေထိုင်လျက်ရှိသော ဒေါ်ကာလီကျေးရွာ မိသားစုဝင်များထံမှ သိရှိရသည်။

“တပ်မြေဆိုပြီး အတင်းဝင်ဖျက်လို့ အမြန်လမ်းဘေး တက်နေတာကို စည်ပင်က ထပ်မောင်းထုတ်တယ်။ အခု အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ က ခြံတစ်ခြံမှာ ခြံပိုင်ရှင် ခွင့်ပြုချက်နဲ့ ခေတ္တနေခွင့်ရပေမယ့် မြေကြီးပေါ်မှာ တာပေါ်လင်စခင်းပြီး နေရတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ မကြာခဏ ဖျားနာပြီး ဝမ်းရောဂါပါ ဖြစ်နေကြတယ်။ လာလှူတဲ့ ဆန်သုံးလေး ပြည်ကို လူ ၉၀ လောက်က ဝေငှပြီး စားနေရတာကြောင့် အာဟာရချို့တဲ့ပြီး လူတော်တော်များများ နေမကောင်း ဖြစ်နေတယ်” ဟု ဖယ်ရှားခံခဲ့သည့် ဒေါ်ကာလီကျေးရွာသား ဦးသောင်းရွှေက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ လာရောက်ကာ ယာယီခိုလှုံနေသော မိသားစုဝင် ၁၅၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ကို အလှူရှင်များက နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိပြီး ယာယီခိုလှုံ နေထိုင်သူများအတွက် နေ့စဉ် စားသောက်စရိတ် ငွေကျပ် ခြောက်သောင်းကျော် ကုန်ကျကြောင်း အဆိုပါ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ရန်ကုန်က ဒေါက်တာ သိန်းလွင်တို့အဖွဲ့ ကျောင်းကို တစ်ရက်လာသွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပေမယ့် ဒီမှာက ဆေးပေးခန်း မရှိဘူး၊ အရေးအကြောင်း တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ရတယ်။ တစ်နေ့ကဆို ဗိုက်ကြီးသည်တစ်ဦး လမစေ့ဘဲ ဗိုက်နာနေတာမျိုး ဖြစ်သေးတယ်” ဟု အောင်သိဒ္ဓိကျောင်းတွင် ယာယီ ခိုလှုံနေသူ ကိုကျော်စိန်ဝင်းက ပြောကြားသည်။

အဆိုပါ နေအိမ် ဖယ်ရှားခံရသောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်သူများတွင် ကျန်းမာရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အခက်အခဲများကို စောင့်ရှောက် ကူညီပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၈၈ မျိုးဆက် လူထုဆက်ဆံရေးဌာနမှ ဒုတာဝန်မှူး ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice Weekly