သီလ၀ါစီးပွားရေးဇုန် ရှယ်ယာ ကျပ်ငွေ ၂၁ ဘီလီယံဖိုး ရောင်းပေးမည်

ပို့စ်တင်ချိန် - 2/14/2014 08:26:00 PM


ဦးဆက်အောင်

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ မြန်မာ သီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီဟာ မကြာခင်မှာ ၁ စုကို ကျပ် ၁ သောင်းတန် ရှယ်ယာ အရေအတွက် ၂ သန်းကျော် ရောင်းချပေးတော့မယ်လို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အထူးဇုန် စီမံခန့်ခွဲရေး ညှိနှိုင်း အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။
စုစုပေါင်း တန်ဖိုး ကျပ်ငွေ ၂၁ ဘီလီယံဖိုး အစုရှယ်ယာ ရောင်းပြီးရင်လည်း နောက်ပိုင်း လိုအပ်ရင် အများပြည်သူကို ထပ်ပြီး ရောင်းပေးသွားဦးမယ်လို့ သူက ဆိုပါတယ်။

ဂျပန်နဲ့ မြန်မာဖက်စပ် အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

မြန်မာဘက်က ၁၀ ရာခိုင်နှုန်းကို စီမံခန့်ခွဲမှုကော်မတီက ပိုင်ဆိုင်ပြီး ၄၁ ရာခိုင်နှုန်းကိုတော့ မြန်မာ သီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီက ပိုင်ဆိုင်တယ်လို့ ဦးဆက်အောင်က ရှင်းပြခဲ့ပါတယ်။

DVB Burmese