အရိပ်

ပို့စ်တင်ချိန် - 2/14/2014 10:42:00 AM




Alex က နာမည်ကြီးဂျာနယ်တစ်စောင်က ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်တယ်။ အာဖရိကမြက်ခင်းပြင် ဒါမှမဟုတ် အမေဇုံတောနက်ထဲသွားရောက် စူးစမ်းဖို့၊ Discover ချန်နယ်အတွက် သတင်းမှတ်တမ်းတွေရိုက်နိုင်ဖို့က Alexရဲ့အကြီးမားဆုံးရည်ရွယ်ချက်ဖြစ်တယ်ဆိုတာကို ဇနီးဖြစ်သူ Julieက သိတယ်။ ဒါကြောင့် ကလေးသုံးယောက်မိခင်ဖြစ်တဲ့ Julieဟာ သူ့အချိန်တော်တော်များများကို မိသားစုအပေါ်မှာပဲထားခဲ့တယ်။ သားသမီးတွေကို ပြုစုစောင့်ရှောက်ရင်း၊ မိသားစုဝေယျာဝစ္စတွေကိုလုပ်ရင်း Alexကို ဆိတ်ဆိတ်ငြိမ်ငြိမ် အားပေးနေခဲ့ပါတယ်။

သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်(၁ဝ)နှစ်မြောက်တဲ့နေ့ ရောက်လာခါနီးမှာ Alexက သူရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို ပြပွဲအဖြစ်ကျင်းပခဲ့တယ်။ လူတွေကိုအံ့သြစေတာက သူပြသတဲ့ဓာတ်ပုံတွေအားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ရိုက်ထားတဲ့ နောက်ကျောရိပ်ပုံတွေပဲဖြစ်တယ်။ အဲဒီအရိပ်တွေက ထိုင်နေတာ၊ ရပ်နေတာ၊ အလုပ်လုပ်နေတာ၊ နားနေတာတွေလည်းရှိတယ်။ ပုံတွေက ပို့စ်မော်ဒန်အနုပညာဆန်ဆန်ပါပဲ။ ပုံထဲကလူက Julieဖြစ်ပါတယ်။ ဒါဟာ သူတို့စတင်တွေ့ရှိခဲ့တဲ့ ၁၂နှစ်ကာလအတွင်းမှာ Alexရိုက်ကူးခဲ့တဲ့ Julieရဲ့နောက်ကျောပုံရိပ်တွေပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်စတွေ့တုန်းက Julieဟာ ရွှေရောင်ဆံနွှယ်ရှည်နဲ့ပေါ့။ Cuba ပင်လယ်ကမ်းခြေရဲ့ညနေဆည်းဆာအောက်မှာ သူရပ်နေခဲ့တယ်။ သူ့နောက်ကျောပုံရိပ်က လူကို စွဲမက်ညှို့ငင်ဖမ်းစားခဲ့ပါတယ်။

ချစ်သူသက်တမ်း၂နှစ်မြောက်မှာ Alexဟာ အင်တာဗျူးတစ်ခုမှာ သွားရောက်သတင်းယူနေခဲ့လို့ Jilieရဲ့မွေးနေ့ကို သူမေ့သွားခဲ့တယ်။ ငြင်းခုန်စိတ်ကောက်ပြီးတဲ့နောက် Julieဟာ စိတ်တိုတိုနဲ့ ကော်ဖီဆိုင်ကနေထွက်သွားခဲ့တယ်။ တံခါးဝနားအရောက်မှာ Julieဟာ ဒေါက်မြင့်ဖိနပ်စီးထားတဲ့အတွက်ကြောင့် ခါးယိုင်သွားခဲ့တယ်။ အဲဒီတခဏမှာ Alexက ကင်မရာရှပ်တာကို အမြန်ဆုံးနှိပ်ချခဲ့ပါတယ်။ အချစ်ရဲ့မာန်မာန၊ အချစ်ရဲ့စိတ်လိုက်မာန်ပါက ယိုင်နဲ့ကွေးကောက်သွားတဲ့၊ ဒေါသကြီးတဲ့ အဲဒီနောက်ကျောပုံရိပ်ထဲမှာ ထင်ဟပ်နေခဲ့ပါတယ်။

ပထမကလေးကို ကိုယ်ဝန်ဆောင်နေချိန်မှာ Julie ဆံပင်တိုညှပ်လိုက်တယ်။ သူဟာ တည်တည်ကြည်ကြည် လေးလေးနက်နက်နဲ့ ကလေးအသုံးအဆောင်ရောင်းတဲ့ဆိုင်ထဲမှာ ကလေးအင်္ကျီတွေရွေးနေခဲ့တယ်။ ကိုယ်ဝန်ဆောင်အင်္ကျီပွပွကြီးကို ဝတ်ထားတဲ့Julieဟာ ပီပါပုံးနဲ့တူနေခဲ့တယ်။ ဒါပေမယ့် အဲဒီပီပါပုံးနောက်ကျောပုံရိပ်က တည်ငြိမ်ပြီး အလှတွေစွက်နေခဲ့ပါတယ်။

ကလေးမွေးဖွားပြီးနောက် Julieရဲ့နောက်ကျောပုံရိပ်မှာ မိခင်တစ်ဦးရဲ့နွေးထွေးနူးညံ့မှုတွေ ပါနေခဲ့တယ်။ ခေါင်းကိုငုံ့ ကိုယ်ကိုကိုင်းပြီး သားလေးကို ဂရုတစိုက်နို့ချိုတိုက်ကျွေးနေခဲ့တယ်။ သားလေးကို ရင်ခွင်ထက်ထွေးပွေ့ပြီး တယုတယကြည့်နေခဲ့ပါတယ်။

ကလေးကျောင်းတက်တဲ့အရွယ်ရောက်တော့ ညနေဆည်းဆာအောက်မှာ Julieဟာ အိမ်တံခါးဝမှာရပ်ပြီး သားလေးအပြန်ကိုစောင့်နေခဲ့ပါတယ်။ ကျောင်းကားပေါ်ကနေ သားဆင်းလာချိန် သူဟာ လက်နှစ်ဖက်ကိုဆန့်တန်းပြီး သားကို နွေးထွေးတဲ့ပွေ့ဖက်မှုတစ်ခုပေးခဲ့ပါတယ်။

ပန်းခြံထဲက Julie ဆံပင်ကိုစုချည်ထားပြီး ပန်းပွင့်တွေပါတဲ့အင်္ကျီကြောင်ကြောင်ကျားကျားကို ဝတ်ထားပါတယ်။ သူ့ဘေးမှာ ပွင့်ဟနေတဲ့နှင်းဆီဖြူတစ်ပင်ရှိပါတယ်။ သူ့နဖူးမှာ ဆံနွှယ်တချို့ ရစ်ခွေကျနေပါတယ်။ ဒါဟာ ပန်းပင်တွေကို သူပြုစုပေါင်းသင်နေတဲ့ နောက်ကျောပုံရိပ်ဖြစ်ပါတယ်။

ညနေစောင်းမှာ Julieဟာ ရှေ့ဖုံးခါးစည်းစကို ပတ်ထားပါတယ်။ သူ့ဘေးမှာ အခုမှမုန့်ဖုတ်ဖိုထဲက ထွက်လာတဲ့ ပူပူနွေးနွေးပေါင်မုန့်တွေရှိနေပါတယ်။ ဒါဟာ မီးဖိုချောင်မှာ Julie ညနေစာပြင်ဆင်နေတဲ့ နောက်ကျောပုံရိပ်ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံကို Alexက ပုံကြီးချဲ့ပြီး မြင်သာတဲ့နေရာမှာ ထားထားပါတယ်။ အဲဒီပုံက မိုးရွာတဲ့နေ့တစ်နေ့မှာ ကလေးတွေကျောင်းသွားကြပြီ။ အားလပ်ချိန်လေးရတဲ့ Julieက စာအုပ်တစ်အုပ်ကိုကိုင်ပြီး ပြတင်းပေါက်ဘေးမှာထိုင်နေခဲ့ပါတယ်။ မျက်နှာကိုလက်နဲ့ထောက်ပြီး အပြင်ကို သူငေးကြည့်နေခဲ့ပါတယ်။ ဒီနောက်ကျောပုံရိပ်ရဲ့နောက်ခံက မီးခိုးရောင်ဖြစ်ပြီး Julieရဲ့လည်ပင်းက သိသိသာသာ ပိုသွယ်လျနေတဲ့အတွက် ကြော့ရှင်းလှပတဲ့အလှတစ်မျိုးကို တွေ့မြင်ရပါတယ်။

ဓာတ်ပုံတွေကိုကြည့်ရင်း လင်ယောက်ျားတစ်ဦးရဲ့မြင်ကွင်းရှေ့ရောက်ခဲ့သလို မိန်းမတစ်ဦးရဲ့ကြီးပြင်းခြင်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဇနီးက လင်ယောက်ျားရဲ့နောက်ကွယ်ကနေ ဆိတ်ဆိတ်ငြိမ်ငြိမ်ပေးဆပ်ခဲ့သလို လင်ယောက်ျားကလည်း ဇနီးရဲ့နောက်ကွယ်ကနေ ဇနီးကိုတိတ်တဆိတ် ဂရုတစိုက်ကြည့်ရူနေခဲ့ပါတယ်။ ကိုယ့်ကင်မရာနဲ့ ဇနီးရဲ့ပြောင်းလဲမှုအချက်အလက်တစ်ခုတိုင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဇနီးရဲ့အလှဆုံးကာလတစ်ခုတိုင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ Alex ရဲ့တစ်ကိုယ်တော် ဓာတ်ပုံပြပွဲလုပ်မှ ဒီအကြောင်းကို Julie သိရတာပါ။ နှစ်တွေအကြာကြီးထဲမှာ Alex က Julie ကို တန်ဖိုးကြီးနက်နဲတဲ့အချစ်တွေ ပေးဆပ်နေခဲ့ပါတယ်။

သူ့ရဲ့နောက်ကျောပုံရိပ်တွေကို ဘာကြောင့်ရိုက်ရသလဲလို့ ယောက်ျားဖြစ်သူကို Julie ကမေးတော့ Alex က.....

“စစချင်းမှာ ဓာတ်ပုံပညာကိုအခြေခံပြီး နောက်ကျောပုံရိပ်တွေရိုက်ရတာ အရမ်းအနုပညာမြောက်တယ်၊ လှတယ်လို့ ထင်ခဲ့တယ်။ လက်ထပ်ပြီးတဲ့နောက် တစ်နေ့မှာ မီးဖိုဘေးမှာညစာပြင်ဆင်နေတဲ့ Julieက ဆံပင်ကိုနောက်မှာ ဖြစ်သလိုစုချည်ထားတယ်။ ကြော့ရှင်းသွယ်လျတဲ့လည်တိုင်နဲ့ Julieကိုကြည့်ရတာ ဂရိနတ်ဘုရားမတစ်ပါးပါးနဲ့ တူနေခဲ့တယ်။ အဲဒီနေ့မှာ မီးဖိုချောင်မှာ Julie တစ်နာရီကြာလောက် အလုပ်များနေခဲ့ပါတယ်။ အိမ်ထောင့်ဘဝ ကိစ္စအသေးအမွှားတွေထဲမှာ Julieဒီလောက် နစ်ဝင်ပေးဆပ်လိမ့်မယ်လို့ ကိုယ်တစ်ခါမှမတွေးခဲ့မိဘူး။ အဲဒီတိတ်ဆိတ်ငြိမ်သက်မှုက ကိုယ့်ရင်ကိုလှုပ်ခတ်စေခဲ့တယ်။ ဒီလိုတည်ငြိမ် ငြိမ်သက်တဲ့အိမ်ထောင်ရေးဘဝကပဲ မိန်းမလေးတစ်ယောက်ကို မိန်းမတစ်ယောက်အဖြစ် ကြီးပြင်းရင့်ကျက်စေခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်”။

အချိန်ရာသီ ရက်လနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နုနုယ်ပျိုမျစ်ခြင်းတွေကို ယူဆောင်သွားနိုင်ခဲ့ပေမယ့် သာမန်ကိစ္စအသေးအမွှားထဲမှာ နစ်ဝင်အနယ်ကျနေတဲ့ အဲဒီမိန်းမရဲ့အချစ်နဲ့ သူ့ရဲ့အလှကိုတော့ ယူဆောင်မသွားနိုင်ခဲ့ပါဘူး။ ဒီလိုအချစ်၊ ဒီလိုအလှက လင်ယောက်ျား၊ သားသမီးတွေရဲ့ရင်ကို လှုပ်ခတ်စေနိုင်ရုံမက လူတိုင်းရဲ့ရင်ကိုလည်း လှုပ်ခတ်စေနိုင်ခဲ့ပါတယ်။

မူရင်းရေးသားသူ -- Yan Ping (2012ခုနှစ် အမှတ်စဉ်11 , Readers တရုတ်မဂ္ဂဇင်းမှ

*** ချစ်သူများနေ့ဆိုတာ ချစ်သူရည်းစားနှစ်ယောက်တည်းရဲ့နေ့မဟုတ်ပါဘူး... ချစ်တတ်သူတိုင်းရဲ့နေ့ပါ... တန်ဖိုးရှိရှိ ချစ်တတ်ကြပါစေ...

နိုင်းနိုင်းစနေ (Dec. 16. 2013)