ပါကစ္စတန်တွင် ရဲများ စီးနင်းလာသည့် ဘတ်စ်ကား ဗုံးခွဲ တိုက်ခိုက်ခံရ ၁၁ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ

ပို့စ်တင်ချိန် - 2/14/2014 07:57:00 PM


အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက်သမားများ မကြာခဏ ဗုံးခွဲ တိုက်ခိုက်လေ့ရှိသော ပါကစ္စတန်နိုင်ငံတွင် ပါကစ္စတန်ရဲများ စီးနင်းလာသော ဘတ်စ်ကားကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံးသွားပြီး ၄၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်တောင်ပိုင်း မြို့တစ်မြို့ ဖြစ်သော ကရာချိတွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲလေ့ကျင့်ရေး စင်တာမှ ထွက်ခွာလာသော ရဲအများစုပါသည့် ဘတ်စ်ကားကို ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ထားသော ကားတစ်စီးဖြင့် တိုက်ခိုက်၍ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

သေဆုံးသူများနှင့် ဒဏ်ရာ ရသူများတွင် အများစုမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ အဆိုပါ ဘတ်စ်ကားပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် စီးနင်း လိုက်ပါသွားကြောင်း ပါကစ္စတန် ရဲအရာရှိ မိုဟာမက် အစ်က်ဘယ်လ်က ပြောကြားသည်။
ကရာချိမြို့သည် ပါကစ္စတန်နိုင်ငံတွင် အကြီးဆုံး မြို့ဖြစ်သကဲ့သို့ ဥပဒေစိုးမိုးမှု အကင်းမဲ့ဆုံး ဖြစ်သည်။

ကရာချိမြို့နေ အဓိက လူမျိုးစုများ၊ နိုင်ငံရေး ဂိုဏ်းဂဏကွဲများနှင့် ဆက်စပ်နေသော ရာဇဝတ် ဂိုဏ်များနှင့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များစွာ သေဆုံးခဲ့ရသည့် မြို့လည်းဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် ယာဉ်အပိုင်းအစများဖြင့် ပြန့်ကျဲနေသည့် မြင်ကွင်းကို ဒေသခံ ရုပ်မြင်သံကြားတွင် ပြသ သွားသကဲ့သို့ ကရာချိမြို့၏ ဂျင်နဆေးရုံသို့ လူသေ အလောင်း ၁၁ လောင်း ရောက်ရှိလာပြီး ဒဏ်ရာ ရရှိသူများတွင် ရဲအရာရှိ ၁၀ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန်များက ပြောကြားသည်။

ယခု ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းများကမျှ တစ်စုံတစ်ရာ ဝန်ခံ ပြောကြားခြင်း မရှိသေးပေ။

တနင်္ဂနွေနေ့ကလည်း ဆိုင်ကယ် စီးနင်းလာသော လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ် တစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်။
The Voice Weekly