ဘဏ်မသုံးသူများအတွက် တယ်လီနောက မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုပေးမည်

ပို့စ်တင်ချိန် - 2/14/2014 06:03:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံတွင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ချိန် ဘဏ်ဝန်ဆောင်မှုသုံးရန် အဆင်မပြေသူများအတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောအာရှမှ ငွေကြေး ဝန်ဆောင်မှုဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ပြောကြားသည်။

“ဘဏ်လုပ်ငန်းတွေက သိပ်မဖွံ့ဖြိုးသေးတဲ့အတွက် မိုဘိုင်းလ်ဖုန်းကနေ ဘဏ်တွေလိုပဲ ငွေကြေး ဝန်ဆောင်မှု လုပ်ပေးသွားပါမယ်။ တယ်လီနောရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ စတင်ချိန်မှာ မိုဘိုင်းလ် ငွေပေးချေစနစ် တစ်ပါတည်း စတင်မယ်လို့တော့ ကျွန်တော် အာမမခံနိုင်သေးပါဘူး။ အဲဒီ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှုစနစ် စတင်ဖို့ အချိန်ယူရပါဦးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် တယ်လီနောမြန်မာ အနေနှင့် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လစာပေးခြင်း၊ လူမှုဖူလုံရေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ဆောင်ရန် ပြင်ဆင်နေပြီး ပြည်တွင်းမှ မိတ်ဖက် ကုမ္ပဏီများ ရှာဖွေကာ ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
“မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကို ကမ္ဘာပေါ်မှာ ကုမ္ပဏီပေါင်း သန်းနဲ့ချီပြီး လုပ်နေကြပါတယ်။ တကယ်တမ်း အောင်မြင်တဲ့ လုပ်ငန်းတွေက ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လုပ်တော့မယ်ဆိုရင် အဲဒီလို ဆယ်ဂဏန်းထဲမှာပဲ ပါချင်ပါတယ်။ အဲဒါကြောင့် အချိန်ယူ ပြင်ဆင်နေတာပါ” ဟု Roar Bjaerum ကဆိုသည်။

ယင်းအပြင် တယ်လီနော ဆက်သွယ်ရေး ကွန်ရက်များရှိသည့် ထိုင်း၊ မလေးရှား၊ မြန်မာ သုံးနိုင်ငံအကြား မိုဘိုင်းလ်ဖုန်းဖြင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းနိုင်သော စနစ်တစ်ရပ် ပြုလုပ်ရန်လည်း စဉ်းစားနေကြောင်း ၎င်းကဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု စနစ်များကြောင့် တိုင်းပြည်အများစုတွင် အလုပ်အကိုင် အခွင့်အလမ်း၊ လူနေမှုဘဝနှင့် တိုင်းပြည်၏ GDP တိုးတက်မှုအပေါ် အထောက်အကူများစွာ ရှိစေကြောင်း ပညာရှင်များက ဆိုထားသည်။
“အချိန်ကတော့ ယူရမှာပဲ။ တကယ်လည်း ဒီမှာက ဘာမှမှ မပြည့်စုံသေးတာ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေက တော်တော် အရေးပါတယ်။ ဘဏ်ဆိုတာ နေရာတိုင်းမှာ မရှိဘူး။ ဆက်သွယ်ရေး ကွန်ရက်က နေရာတိုင်း ရောက်နိုင်တယ်” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

တယ်လီနောမြန်မာ ကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် ရရှိပြီးနောက် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လာမည့် စက်တင်ဘာလ မတိုင်မီ စတင်နိုင်ရန် ပြင်ဆင် ဆောင်ရွက်နေသည်။
The Voice Weekly