တပ်မတော်က အာဏာသိမ်းနိုင်သည်ဆိုသည်မှာ အဓိပ္ပာယ်မဲ့ဟု ဦးရဲထွဋ်ပြောဆို

ပို့စ်တင်ချိန် - 2/14/2014 06:05:00 PM




မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၁၄ ခုနှစ်အတွင် အာဏာသိမ်းနိုင်ချေရှိသည်ဟု ခန့်မှန်းချက်
မှာ အဓိပ္ပာယ်မဲ့သည့် မှန်းဆချက်သာဖြစ်ကြောင်း မြန်မာနိုင်ငံသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က တုံ့ပြန်ပြောကြားလိုက်သည်ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာတွင်ဖော်ပြပါရှိသည်။

တပ်မတော်က အာဏာသိမ်းနိုင်ချေရှိနေသည့် နိုင်ငံ ၄၀ ရှိသည်ဟု အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် နိုင်ငံရေးသိပ္ပံပညာရှင် ဂျေဖယူဒါကခန့်မှန်းထားရာ မြန်မာနိုင်ငံသည်နံပါတ် ၂၁ နေရာတွင် ရှိကြောင်းပါရှိသည့် သတင်းသုံးသပ်ချက်တစ်ခုကို ၀ါရှင်တန်ပို့စ်
သတင်းစာ၌ ဖေါ်ပြခဲ့သည်။

"ဒါက အဓိပ္ပာယ်မရှိတဲ့ မှန်းဆချက်တွေပါဗျာ။ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါ။ တပ်မတော်ကဒီမိုကရေစီစနစ်ကို မဖြစ်မနေဖော်ဆောင်မယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကခဏခဏ ပြောနေတာပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပြည်သူတွေအကြား စိတ်ပူပန်စရာ
ဖြစ်အောင် လျှောက်လုပ်နေတာပါ"ဟု မြန်မာနိုင်ငံသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရလည်း တပ်မတော်မှအာဏာသိမ်းမှု အချိန်မရွေးဖြစ် လာနိုင်ကြောင်း ပြည်တွင်းနိုင်ငံရေး အင်အားစုများကလည်းဝေဖန်သုံးသပ်ခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၌ နိုင်ငံတော်အာဏာအား ရယူပိုင်ခွင့်အဆင့်ဆင့်ကို ဖော်ပြပါရှိသည့်အပြင် လက်ရှိအခြေအနေအရ တပ်မတော်က အာဏာသိမ်းမည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောကြားခဲ့သည်။

မြန်မာတိုင်း(မ်)
Myawady News