ဂဠုန်ဦးစော၏ မြေးမဟုတ်ကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ်တုံ့ပြန်

ပို့စ်တင်ချိန် - 2/14/2014 05:22:00 PM



ယုန်လေး(မြစ်မခ)၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၁၃

ပုဂ္ဂိုလ်ရေးရာထိုးနှက်ချက်များရှိလာသည့်အတွက် မိမိမှာဂဠုန်ဦးစော
၏မြေးမဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က တုံ့ပြန်ရှင်းလင်းခဲ့သည်။
အင်တာနက်ပေါ်၌ ချက်အောက်ထိုးတဲ့ လုပ်ရပ်တစ်ခုကြောင့် ယခုကဲ့သို့
ပြန်လည် ဖြေရှင်းရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

' ကျွန်တော် ဦးစောရဲ့မြေး မဟုတ်ပါ။ ဦးစောမြေးအရင်းတွေက ××ရင် ပါတဲ့ နာမည်နဲ့ ဆုံးပါတယ်။7 Day ဂျာနယ်က လီလီပန်းလေးများ ဆောင်းပါးကို ဖတ်ကြည့်ပါ။ အခုသတင်းကတော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ချက်အောက်ကိုထိုးတဲ့ အကွက်တွေပါ။ နောက်လည်းဒါမျိုးတွေလာဦးမှာပဲ '
ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းမှာ ယခုအပတ်ထုတ် Messenger ၎င်း၏ အင်တာဗျူးကြောင့်ဟု ထင်ကြောင်း၊ ယခင်အင်တာဗျူးပါဝင်ပြီး
နောက်ပိုင်းအချိန်များကလည်းမဟုတ်မမှန်သတင်းများထွက်ပေါ်ခဲ့ဖူးကြောင်းသိရသည်။ ' ဦးစောမြေးအရင်းဆိုရင်လည်း ကျွန်တော်ဘာမှ ကွယ်ဝှက်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော့်ကို ဆုံးဖြတ်မှာက ကျွန်တော့် လုပ်ရည်ကိုင် ရည်နဲ့ ကိုယ်ကျင့်သိက္ခာပါပဲ။ ကျွန်တော်က အဖေ၊ အဘိုးဂုဏ်ကိုသုံးပြီး လုပ်စားတတ်တဲ့ သမိုင်းမရှိ သလိုမိမိအဖေ၊ အဘိုးဘယ်သူဆိုတာကို ကွယ်ဝှက်ထားလောက်အောင်လည်း သတ္တိမနည်းပါဘူး 'ဟု ဦးရဲထွဋ်က ပြောဆိုသည်။

သမိုင်းကိုသင်ခန်းစာယူ၍ ခရီးဆက်ခြင်းကသာ မျိုးဆက်သစ်များအတွက်
ကောင်းမွန်သည့် အနာဂတ်ခရီးကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်လူမျိုး အချင်းချင်း အထင်အမြင်သေးအောင် မလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့
ပြုလုပ်သူများ၏ အကြံကိုလည်း မြင်အောင်ကြည့်စေလိုကြောင်း ပြည်သူ တစ်ဦးက ယခုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပြုထားသည်။

' ဦးစောဟာ လူတော်တစ်ယောက်ဆိုတာကို သိမီဖူးတဲ့သူတိုင်း သိကြပါ တယ်။ ကိုယ့်အချင်းချင်း အထင်အမြင်မှားအောင်လုပ်ပေးခဲ့တဲ့ နယ်ချဲ့တို့ရဲ့ အကြံကို မြင်အောင် ကြည့်စေချင်ပါတယ်။ ဥပမာအနေနဲ့ ကပ္ပတိန် ဗီဗီယန်းတို့လိုပေါ့။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရဲ့ ကံကြမ္မာလို့ပဲ သဘောထားပြီး ဗိုလ်ချုပ်မှာခဲ့တာတွေကို လေးလေးစားစားလိုက်လုပ်ပေးကြတာက တကယ်လက်တွေ့ကျမယ် ထင်ပါတယ် ' ဟု ကိုအောင်ကျော်က မှတ်ချက်ပြုသည်။ ဂဠုန်ဦးစော၏ မြေးများမှာ ရန်ကုန်မြို့၌
သက်ရှိထင်ရှားရှိနေကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ