တောင်ငူ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ဆုံးရှုံး

ပို့စ်တင်ချိန် - 2/14/2014 08:51:00 PM

တောင်ငူမြို့ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်လွင်၊ တောင်ငူ)

ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီ အချိန်ခန့်က တောင်ငူမြို့ မြို့မဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံးနီးပါး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းပေါင်းများစွာ လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့မဈေးကြီး၏ မင်္ဂလာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ရတနာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ဈေးရုံ (၁)၊ (၂)၊ (၃)၊ (၅)၊ (၆)ရုံ၊ ၁၆-A ရုံ၊ B ရုံ၊ (A)၊(B)နှင့်(E)
ရုံများအား ကပ်လျက်ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်းများစွာ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဈေးရုံတစ်ရုံကို ဆိုင်ခန်း ၁၀၀ ၀န်းကျင်လောက် ရှိတယ်။ အခုလောင်သွားတာ ဈေးကြီးအနောက်ဘက်ခြမ်း တစ်ခုလုံးပဲ။ ဈေးကြီး အရှေ့ဘက်ခြမ်းက ၁၅ ရုံ၊ စံပြရုံနဲ့ C ရုံတို့လောက်ပဲ ကျန်တော့တယ်။ ဒါတောင် ကျန်ခဲ့တဲ့ ဈေးရုံတွေကို မီးဟပ်သေးတယ်။ ဈေးကြီးပိတ်ချိန်လည်း ဖြစ်နေတာ။ ဈေးအတွင်းထဲမှာ မီးလောင်တော့ အလွယ်တကူ ငြိမ်းသတ်ဖို့ မလွယ်ဘူး။ မီးက အတွင်းပိုင်းမှာ လှိုက်ပြီးလောင်သလို ဖြစ်သွားတာ” ဟု မြို့မဈေးကြီး အရှေ့ဘက် ဆိုင်ခန်းများတွင် ဈေးရောင်းသူတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုမှာ ညနေ ၆ နာရီ ၀န်းကျင်မှ ည ၁၀နာရီ ၀န်းကျင်ခန့်အထိ လောင်ကျွမ်းမှု အားကောင်းခဲ့ပြီး တောင်ငူခရိုင်အတွင်း မီးသတ်ယာဉ်များ၊ ပဲခူးခရိုင်မှ မီးသတ်အကူယာဉ်များ၊ နေပြည်တော်မှ မီးသတ်ကားများနှင့် မြို့ခံများ၊ ဈေးသူဈေးသားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနယ်မြေခံ စစ်တပ်၊ ရဲအင်အားများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည ၁၁ နာရီဝန်းကျင်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး မီးလောင်ကျွမ်းမှုအား ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ မည်သည့်နေရာက စတင်လောင်ကျွမ်းပြီး မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကို ည ၁၁ နာရီခွဲဝန်းကျင်အထိ မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး မီးအား ဆက်လက်ငြှိမ်းသတ်နေကြောင်း သိရသည်။

Eleven Media Group