ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့

ပို့စ်တင်ချိန် - 2/14/2014 10:26:00 AM


ထုံးစံအတိုင်း သာကေတ ၃၅ ကားဂိတ်တွင် လူက အပြုံလိုက်။ ကျွန် တော်ကတော့ တစ်စီးချင်း လွှတ်ပေးလိုက် သည်။ ထိုင်ခုံရ မှဖြစ်မည်။ ညလုံးပေါက် နီးပါး စာရေး ခဲ့သဖြင့် မတ်တတ်စီးနိုင် မည်မဟုတ်။ အနည်းငယ် ငိုက်မှေးစီး သွားမှသာ အလုပ်တွင် လန်းလန်းဆန်း ဆန်း ရှိမည်။

ဟော မီနီဘတ်စ် တစ်စီးက ကျွန်တော့် ရှေ့တည့်တည့်သို့ ထိုးဆိုက်လိုက် စဉ် ခပ်သုတ်သုတ်ပင် လှမ်းတက်လိုက် သည်။ လူပါးသွားချိန်မို့ ထင်သည်။ ကား ကဟောင်းလောင်း။ ကောင်းလေ စွ။ တစ်ဦးတည်းမို့ ပြတင်းပေါက်ဘေး နောက်ဆုံး ထောင့်ခုံပေါ် ဝင်ထိုင်ကာ မျက်လုံး တို့ကို မှိတ်ထားလိုက်သည်။ မည်သူတွေ တက်၍ မည်သူ တို့ ဆင်း သည်မသိ။ ကားက ရပ်လိုက် သွား လိုက်ဟု ထင်သည်။ ကျွန်တော် မသိ တော့။ ရုတ်တရက် ဆူဆူညံညံ အသံများ ကြောင့် ကျွန်တော် လန့်နိုး သွားသည်။ အိပ်ချင် မူးတူးဖြင့် မျက်လုံး ဖွင့်ကြည့် တော့ မထူးဆန်းတော့သော စပယ်ယာ နှင့်ခရီးသည် ကားတွင်း တိုက်ပွဲ။ သို့ သော် ခရီးသည်က အဘိုးအို တစ် ဦးဖြစ် နေပြီး အရွယ်နှင့် မမျှအောင်ပင် အသံ ကမာသည်၊ ပြတ်သည်၊ မြန်သည်။

”မောင်ရင် တယ်အပြောကြမ်း ပါလား။ ခရီးသည်က မင်းတို့ထမင်းရှင် မဟုတ်ဘူးလား”

”အဘ အေးအေးဆေးဆေး စီးချင် ရင် တက္ကစီငှားစီးသွား။ ကျွန်တော်တို့ လည်း ဒီအပေါက် နဲ့လုပ်စားနေရတာ။ အဘ ကန့်လန့် လုပ်နေရင် လူဘယ်လို တင်မလဲ”

”စည်းကမ်း အတိုင်းလုပ်ကြပေါ့ ကွ။ မင်းတို့ကား အရွယ်နဲ့ သင့်တော်သ လိုတင်ပေါ့”

အဘိုးအိုကလည်းမခံ။

စပယ်ယာ ကတော့ ဒေါသထွက် လာဟန်ဖြင့် လူအုပ်ကို တိုးရင်း ”အဘ လူကြီး မို့လို့နော်။ အလုပ် ပျက်တယ်ဗျာ။ ဘာစည်းကမ်းလဲ။ အဲဒီစည်းကမ်း ကကျုပ် တို့ကို ထမင်း မကျွေးဘူး။ ဒီခေတ်မှာ ပိုက်ဆံရဖို့ နည်းလမ်းပဲ လိုတာဗျ။ စည်း ကမ်းမလိုဘူး” ဟုအော်ပြောလိုက်သည်။

နောက်တော့ ကျွန်တော့်ဘေးမှ တစ်ယောက် ထပေးလိုက်တော့ အဘိုး ဝင်ထိုင်လိုက်သော်လည်း မကျေမနပ် ဖြစ်နေသည်က အသေအချာ။ ကျွန် တော်လည်း ကြည့်ရင်း မှ အဘိုးအို၏ ရှုသိုးသိုး မျက်နှာကို ရင်းနှီးနေသလို ခံ စားရသော်လည်း ကိုယ့် မလန်းဆန်းမှု နှင့်ကိုယ် အာရုံမစိုက်နိုင်။ ပြန်မှေးနေ လိုက်ရသည်။

မည်မျှကြာ သွားသည်မသိ။ အရှိန်ဖြင့် ဆောင့်ရပ် လိုက်သည့် ကား ကြောင့် ကျွန်တော် ပြန်နိုးရပြန်သည်။ ထိုအချိန် နံဘေးမှ အဘိုးက သွက်လက် စွာ တိုးဝှေ့ ဆင်းရင်း စကား တစ်ခုကို နာ နာကြည်းကြည်း ဖွဖွရေရွတ် သွားသည်။ ခြေလက်ကား ယား၊ ဘောက်ဆတ်ဘောက် ဆတ်ဖြင့် လျှောက်သွား သော ကိုယ်ဟန် သွယ်သွယ်၊ ကတုံး ဆံပင်ကဲ့သို့ ခပ်ပါးပါး ဦးခေါင်း နောက်ပိုင်း ကိုငေး ရင်းထိုစကား အတွက် ရုတ် တရက် ကျွန်တော် ကြက် သီးထသွားသည်။

”ဗမာတွေ စောက်ကျင့် မပြင်ကြသေးဘူးပဲ”တဲ့။

ကျွန်တော် ကြက်သီးသာ ထသွားသည်။ အကြောင်း ရင်းကိုမသိ။ သေသေချာချာ လည်းမတွေးမိဘဲ ပြန်ငိုက် ရန်သာကြိုးစားနေမိသည်။

”ရောက်ပြီရောက်ပြီ ဆင်းဆင်း” ကိုယ်ကိုပုတ်၍ လှုပ် နှိုးလိုက်သောကြောင့် ကျွန် တော် ကမူးရှူး ထိုးထကာ ကားပေါ်မှ ဆင်းလိုက်ရ သည်။ ဇိမ်ပျက်သွား၍ ကြို တော့ မနှိုးဟု ဘုတွေးတွေး ရင်းမျက်လုံးကို ပွတ်သပ် ကြည့်လိုက်တော့ ”ဟင်” ကျွန်တော် ကားမှားစီးမိသည်လား။ ဘယ် နှယ့် ကျွန်တော် သွားရမှာက ဘားလမ်း။ အ ခုတော့ ရှေ့တည့်တည့်တွင် ရန်ကုန် တက္ကသိုလ်။ ပြီးတော့ မြူနှင်းတွေ က လည်း ဘယ်တုန်း ကတည်းက ကျနေ သည်မသိ။ မှုန်မှုန်မှိုင်းမှိုင်း အဖြူအ မည်း။ ဒုက္ခပါပဲ.. .ဟု တမိသော်လည်း ခြေထောက်တွေက ဘာရယ်ကြောင့် မသိ၊ အဓိပတိလမ်း ၏ခေါ်ရာနောက် လိုက်သွားမိသည်။ သိသလိုလို မသိသ လိုလို။ ထူ ပိတ်နေသောမြူ တို့ကြောင့် ရှေ့ကိုသေချာ မမြင်ရသော်လည်း အ လင်းရောင် တစ်ခုကို တွေ့လိုက်စဉ်မှာ တော့ ထိုနေရာကို ကျွန်တော် စွတ်ဝင် လိုက်သည်။ အဆောင် တစ်ခုလေလား။ ကျွန်တော် မသိ။ မြင်တွေ့လိုက်သည့်လှေ ကား အတိုင်း တက်သွားမိသည်။ ဘာ ကြောင့် တက်သွားမိသည်ကိုလည်း ကျွန်တော် မသိပါ။ ဘာဖြစ်နေပါသလဲ။

၁၁၃ တဲ့။ ကျွန်တော် ထိုအခန်း ရှေ့ရပ်နေမိသည်။ တစ်စုံတစ်ရာ ကညှို့ ထားသလို အခန်းတွင်း ဝင်လိုက်မိသည်။ အခန်းက ဖရိုဖရဲ။ စာအုပ်ပုံ တစ်ထပ် ကြီးတွေ့သော် လည်း ပြိုတစ်ဝက် စီ တစ်ဝက်။ ခုတင်ပေါ်တွင် ခြင်ထောင် က ဒီအတိုင်း၊ သို့သော်တစ်စ ကပြုတ်ကာ တွဲလောင်း ကျနေသည်။ စောင်ကကြမ်း ပေါ်မှာ။ အခုထိ ကျွန်တော် အူကြောင် ကြောင်ဖြစ်နေဆဲ။ အခန်းတွင်း အမှတ် မထင် ဝေ့ကြည့်လိုက်တော့ ”ဟင်” ပြတင်းပေါက်အနီး ကျွန်တော့် ဘက် ကျောပေးကာ ခါးထောက်ရပ်နေ သော လူတစ်ဦး။ ကျွန်တော် တစ်ယောက် တည်း မှမဟုတ်ဘဲ။ အနည်းငယ် အားရှိ သွားသလို ခံစားမိသဖြင့် စကားစရန် ကျွန်တော်ပြင်လိုက် စဉ် ထိုသူက ရုတ် တရက် ရပ်နေရာ မှ ထိုနေရာလေးတွင် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသည်။

ဘာများ အလိုမကျနေပါသလဲတော့ မသိ၊ ခြေသံကတော့ ဒေါနှင့် မောနှင့် လျှောက်နေမှန်း သိသာလွန်းအောင် ပြင်းထန်လှပါသည်။

ထိုသူ ဖယ်လိုက်မှပင် ခုနက သူ ကွယ်ထား၍ မမြင်လိုက်မိသော အရာ ကို ကျွန်တော် တွေ့လိုက်သည်။ တီဗီ တစ်လုံး။ ဖန်သားပြင်ပေါ် တွင်တော့ သက်ဝင်နေ သည့် လွှတ်တော်မြင်ကွင်း။ သူ ဒါကိုကြည့်၍ စိတ်အလိုမကျဖြစ် နေသလား ။ အခုထိ ကျွန်တော် ကတော့ ကြောင်အအပင်။ အခန်းတွင်း လည်း အလင်းရောင် က မပီတပီမို့ ထိုသူ မည် သူမှန်းမသဲကွဲ။ သို့သော် လူးလာခေါက် တုံလျှောက်နေသော ထိုသူက ရုတ်တ ရက် ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် ရပ်လိုက်ပြီး -

”အစိုးရ တာဝန်ရှိသူတွေ ပိုင်ဆိုင် မှုစာရင်း တင်ပြရမယ် ဆိုတာက ဘာ ဖြစ်သွားလဲ ကိုယ့်လူသိလား”

ဟာ……။ ထိုသူ၏ မျက်နှာ နှင့် အသံကို သဲသဲကွဲကွဲ မြင်လိုက်ရချိန် အံ့သြ ထိတ်လန့်မှုနှင့်အတူ ကျွန်တော် ရုတ်ချင်း ဆွံအ သွားသလိုပင်။ အဖြေ ကိုသိလို ၍ မေးခြင်း မဟုတ်ဘဲ ထိုမေး ခွန်းနှင့်အသံ၏ ခံစားမှု ပေါ်လွင်လွန်း၍ ကျွန်တော် အလိုလို ဆို့နင့်ဝမ်းနည်းလာ သည်။ ကျွန်တော် အသံမထွက်နိုင်။ သူ …သူ …။

”ဗိုလ်ချုပ် ဆိုရင် ရှပ် အင်္ကျီနှစ် ထည်၊ ဘောင်းဘီနှစ်ထည် ပဲရှိတယ်။ အဲဒီနှစ်ထည်ထဲမှာ တစ်ထည်ကလည်း ခပ်စုတ်စုတ်လောက် သာအဖတ်တင်ပြီး ကျန်ရစ်ခဲ့တဲ့ ဗိုလ်ချုပ် ဟာ သူ့လို အင်မ တန်ကြီးကျယ်တဲ့ အရှိန်အဝါ၊ ကြီး ကျယ်တဲ့ တန်ခိုး သြဇာ၊ ကြီးမားတဲ့အချိန် မှာ ဘယ်လောက် အထိ ကိုယ့်စိတ်ကို နိုင်နိုင်နင်းနင်းနဲ့ ချုပ် တည်း သွားနိုင် တယ်ဆိုတာကို ထင်ထင်ရှားရှားကြီး ခင်ဗျားတို့ သိပါလိမ့်မယ်”

ဟင့်အင်း၊ အဲဒါ ကျွန်တော် မပြော ဘူး။ ကျွန်တော့်အသံ မဟုတ်ဘူး။ အ ဝေးမှ လွင့်လာသည်နှင့် တူသော အသံ တစ်ခုက လိုဏ်သံကဲ့သို့ပင်။

”အခုလို တိုင်းပြည် ဆင်းရဲနေရ တာဟာ တိုင်းသူ ပြည်သားတွေကို ငဲ့ခဲ့ ရလို့ ဟုတ်လား။ ဟမ်…ဟား ဟား ဟားဟား”

ကျွန်တော် တုန်သွားသည်။ ကြောက် ၍မဟုတ်။ ဝမ်းနည်း၍။ ကျွန်တော် ငို ချင်လာသည်။

”လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေး က ထွက်တော့မယ်။ မထွက်လို့လည်း မဖြစ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လွတ် လပ်ရေး ရပြီးရင် အာဏာနိုင်ငံရေး လာ တော့မယ်။ အာဏာနိုင်ငံရေး နဲ့ ကျွန် တော် နဲ့မဖြစ်ဘူး။ အဲဒီအခါကျရင် သူ တို့လုပ်ပုံတွေ ဘေးကထိုင် ကြည့်ပြီး ရယ် နေချင်တယ်ဗျာ”

ဟုတ်သည်၊ ရယ်နေပါသည်။

သို့သော် ရယ်သံက နာနာကျင် ကျင်။ ဝမ်းနည်းတကြီး။ ကျွန်တော် မခံ နိုင်တော့ ထိန်းမရဘဲ ရှိုက်ရှိုက် ငိုလိုက်မိ သည်။ သူကျွန်တော့် ကို စေ့စေ့ကြည့် နေသည်။ သူ့မျက်ဝန်း တွင် သနားကရု ဏာမရှိ။ အပြစ်တင် လိုဟန်သာရှိသည်။ သို့သော် သူဘာမှ မပြောပါ။ ထပ်၍သာ မေးခွန်းထုတ်ပြန်သည်။

”ရွှေလက်နဲ့ခေါ်လို့မလာရင် ဘူး လက်(ကျည်ဆန်)နဲ့ ခေါ်မယ်ဆို ဟုတ် လားဗျ”

ကျွန်တော်ဖြေရန်မလို။ သူသိပြီး သားဖြစ်မည်။

တစ်ချိန်ကတော့….။

”ကျွန်တော်ဟာ စောစံဘိုးသင်ပဲ။ ခင်ဗျားရဲ့ ရန်သူဖြစ်ပါတယ်။ သူက တော့ ကျွန်တော့်ကို ကြည့်ပြီး ဘယ်လို ပြောသလဲ ဆိုရင် ”A Brave Enemy is a good Friend” (ရဲရင့်တဲ့ ရန်သူ ဟာမိတ်ဆွေကောင်းပါပဲ) လို့ပြောတယ်”

အားးးး၊ အသံတွေ အသံတွေ ကျွန်တော် ကြားလာရသည်။ ကျွန်တော် တို့ ညီအစ်ကိုတွေ အဖမ်းဆီး အနှိပ်စက် ခံ ကျဆုံး ခဲ့ရတယ်။ တချို့တွေ တစ်ဘဝ လုံး။ အခုထိ ကျွန်တော် တို့ဟာ ကြောက် နေရဆဲ၊ ကြောက်နေရဆဲပါ။ ကျွန် တော်တို့ ငတ်မွတ်နေဆဲ။ ကျွန်တော်တို့ ထွက်ပြေးနေရဆဲ။ ကျွန်တော်တို့ သေ နတ်သံတွေ ကြားနေရဆဲ။ ကျွန်တော်တို့ အသိမ်းဆည်း ခံနေရဆဲ။ ကျွန်တော်တို့ ကျွန်တော်တို့….ဆို့နင့်စွာနှင့်ပင် စကားတို့က အပြင်သို့ မထွက်နိုင်ပါ။

”ကိုယ်နဲ့ ဆန့်ကျင်ဘက် လုပ်တဲ့သူ တွေကို ဖိနှိပ်ရှင်းလင်းဖို့ ဆိုတာ (Ambition ရှိတဲ့လူမျိုးမှ) ကိုယ်ကျိုး အရင်းခံရှိတဲ့ လူမျိုးမှ လုပ်နိုင်တဲ့စိတ် ရက်စက်နိုင်တဲ့ စိတ်ရှိ တယ်။ ကျုပ်ကတော့ အဲဒီကိုယ် ကျိုးရှာ အရင်းခံ စိတ်ထားမျိုး မရှိဘူး”

ဟုတ်ကဲ့ သိပါတယ်။ သိပါတယ် ခင်ဗျာ။ ဒါပေမဲ့ ဒါပေမဲ့ဗျာ…။ ကျွန်တော် အငြင်းစကား တစ်ခုခုဆိုဖို့ အားထုတ်မိတော့ သူက လက်ကာပြ ရင်း ”အဲဒီ အရေးကြီးတဲ့ တိုင်းပြုပြည် ပြုလွှတ်တော် ရွေးကောက်ပွဲမှာ စွန့်စား စရာ ရှိတဲ့အချိန်မှာ ဘာမှ မစွန့်စားတဲ့ စားဖားကြီးတွေကို ခင်ဗျားတို့ တင်ချင် တယ်ဆိုရင် ခင်ဗျားတို့ ထက် မိုက်တာ မရှိဘူး။ ဗမာပြည် တစ်သက်လုံးမှောက် မှာပဲ” ကျွန်တော် ဒူးထောက် ကျသွား သည်။ အားမရှိ။ ငြင်းရန် အားမရှိ။ တုံ့ပြန်ဆိုရန် စကားမရှိ။ နှစ်ပေါင်း ၂၅ နှစ်။ ကျွန်တော် တို့ကြောက်ရွံစွာ။ အ ကြောက်တရား ထဲမှာ။ နံရံလေးဘက် နောက်မှာ။ အခုရော အခုရော…။ ထမင်း တစ်နပ် ပါးတစ်ချက်။ စီမံကိန်း တွေ ပြည်သူက ပြည်သူက…. ကျွန် တော် မျက်ရည်များ သာကျနေမိသည်။

”ခေါင်းဆောင် လုပ်တဲ့ လူတွေဟာ နောက်လိုက်တွေ ထက်ပိုပြီး အမြင် ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူ ပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ယောင်ချာချာ လုပ် ရင် ခေါင်းဆောင် မဟုတ်ဘူး။ ခေါင်းဆောင် လုပ်တဲ့သူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည် သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင် ရမယ်။ အသက်စွန့်သင့်တဲ့နေ ရာမှာ စွန့်ရဲရမယ်။ ပရိယာယ် သုံးသင့်တဲ့နေရာ မှာသုံးရမယ်။ အချိန်အခါ လိုက်ပြီး လုပ် ရမယ်။ အများယောင်လို့ ယောင်ရ တယ်။ အမောင်တောင် မှန်းမြောက်မှန်း မသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး”

သူ့အသွင်က တဖြည်းဖြည်း မှုန်ဝါး လာသလိုပင်။ မြူနှင်းတို့ကွဲပြီလား။ နေ ရောင်ရော ထွက်ပြီလား။ သူ့အသွင်ကို ကျွန်တော် ဘယ်အချိန်ဖြစ်ဖြစ်မမေ့။ အိမ်နံရံ များပေါ်၊ အင်္ကျီ များပေါ်၊ လမ်း ဘေးမှာ ဆိုင်တွေမှာ ကားတွေမှာ ဟင့် အင်း ဟင့်အင်းမဟုတ်ဘူး။ ဒီလောက်နဲ့ ကျွန်တော်တို့ အချစ်က ဖက်ရှင်လား။

”လူမျိုးရေး အရ ကွဲပြားနေတဲ့ လူများစု လူနည်းစု ကိစ္စတွေမှာတော့ လူများစု လူ မျိုးစုကလူနည်းစု လူမျိုးတွေ အပေါ်လွှမ်း မိုးမှုမရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုး အရ ဘာသာအရ လိင်အရ အခွင့်အရေး ခွဲခြားမှု၊ နှိမ့်ချမှုတွေ ကို ဥပဒေအရ ပယ် ဖျက်ပြီး ဒီလိုနှိမ်နင်း တာတွေ မျိုးတွေ့ရင် ဥပဒေ အရ အပြစ်ပေးတာ မျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်”

အသံက ဝေးဝေးသွားသည်။

သူ့ပုံရိပ်က မှုန်ဝါးလာသည်။

ဟင့်အင်း ဟင့်အင်း၊ ကျွန်တော် တားရန် အားမရှိ။ အားမရှိ။

”အခြား လွတ်လပ်သော တိုင်းပြည် များ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ခြေ လေးငါး လှမ်းလှမ်းနိုင်မှ တော်ရုံကျမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာ လည်း မျက် နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချို သွေးရနဲ့ ‘ဖာသည်’နိုင်ငံဖြစ်မှာပဲ”

ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဖြစ် နေပါပြီဗျာ။

”ကျွန်တော်တမင် ကြမ်းကြမ်းတမ်း တမ်းပြောလိုက်တာပဲ။ ဒါမှလူတွေ မှတ် မိမယ်။ ဒါကို ဝေဖန်နေကြတာ ခက်တာပဲ။ အခုလည်းပြောခဲ့ လိုက်မယ်။ ခင်ဗျား တို့ စောက် ကျင့်တွေ ပြင်ဖို့လိုနေပြီ”

စောက်ကျင့်တွေ။ စောက်ကျင့် တွေ။ ကျွန်တော် စိတ်ထိန်း မရတော့။ ရင်ထဲမှာ ဆို့တက်လာသော ခံစားမှုဖြင့် အားရပါးရ ဟစ်အော်ပြောနိုင်ရန် ကြိုးစားမိသည်။ မရ မရ။ ဝမ်းနည်းမှုဖြင့် ကျွန်တော် ကုန်းရုန်း ထလိုက်သည်။

”ဟေ့လူ ထထ။ ကားကဂိတ် တောင်ဆုံးနေပြီ”

”ဟင်” ဘာဖြစ်တာလဲ။ ကျွန် တော် သတိထားလိုက်တော့ ကားပေါ် မှာပဲ ကျွန်တော် ရှိနေသေးသည်။ ဟင် အိပ်မက်လား။ မဟုတ်ဘူး။ ဒါ အိပ် မက်မဟုတ်ဘူး။ စိတ်မှာ ဂယောင် က တမ်းဖြင့် ငြင်းနေမိသော် လည်း လတ် လတ်ဆတ်ဆတ်ပင် မဟုတ်လား။

ကျွန်တော် လူးလဲ ထလိုက်တော့ ပေါင်ပေါ်တွင် ခွေခေါက်နေသောလွယ် အိတ်ထဲမှ စာအုပ်တွေ ပြုတ်ကျကုန် သည်။ လူတွေခြေထောက် ကြားတွင် စာအုပ် တစ်အုပ်။ အဖုံးတွင် ဗိုလ်ချုပ် အောင်ဆန်း။ တကယ်တော့ ကျွန်တော် ဒီဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေး နေ့ အတွက် ဆောင်းပါးရေးရန် အတွေးက ပြင်းထန်လွန်း၍ ဤသို့ အိပ်မက်မက် ခြင်းဖြစ်မည်။ သို့သော် ထိုအိပ်မက်ဟု ဆိုဆို စိတ် ကစဥ့်ကလျား ဖြစ်သည်ပဲ ပြောပြော ကျွန်တော် အရေးတကြီး ချ ရေးစရာရှိပါသည်။ အချိန်မီမှ ဖြစ်မည်။ မဟုတ်လျှင် ထပ်၍ သူနာကျင်ရမည်။ သူခံစားရမည်။ သူမမြင်စေလို။ ထပ်၍ မမြင်စေလိုတော့။ ကျွန်တော် အားလုံး ကို သတိပေးရမည်။ အားလုံးသိအောင် ပြောရ မည်။ ကျွန်တော် ရုံးပေါ် အလောတ ကြီး အပြေးတက်၍ စာရွက်လွတ် တစ်ခု ပေါ်ကပျာကသီ ချရေးလိုက်ပါသည်။

‘ဗိုလ်ချုပ်ကို ပြန်ခေါ်မလာနဲ့”

နက္ခတ်နီ

ဦးနု
ကိုးကား – အောင်သန်း၏အောင်ဆန်း

Popular Myanmar News Journal