ဆန္ဒပြသပိတ်စခန်းအချို့ကို ထိုင်းရဲ ဖြိုခွင်း

ပို့စ်တင်ချိန် - 2/14/2014 07:22:00 PM


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ အစိုးရ အဆောက်အဦတွေ ပတ်လည်က သပိတ်စခန်းတွေကို ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မှာ ရှင်းလင်းပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကို ဖြုတ်ချဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေ ဒီနေရာတွေမှာ စခန်းချနေတာ လနဲ့ ချီ ကြာခဲ့ပြီးနောက် ရဲတွေက ပြန်သိမ်းလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ မြို့တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင်တဲ့ သပိတ်တွေ ပေါ်ပေါက်နေလို့ လူတွေရဲ့ နေ့စဉ်ဘ၀တွေ အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ သပိတ်စခန်းတွေကို ရှင်းလင်းရေး စစ်ဆင်ရေးအတွက် ရဲအင်အား ၅၀၀၀ ကို အသုံးပြုတယ်လို့ အမျိုးသားလုံခြုံရေး ကောင်စီက ပြောပါတယ်။

ဆန္ဒပြသမားတွေ အလုံးအရင်းနဲ့ ရှိနေတဲ့ စီးပွားရေးနယ်မြေ လမ်းဆုံကြီးတွေမှာ ဖွင့်ထားတဲ့ သပိတ်စခန်းတွေတော့ မပါသေးဘူးလို့ ပြောပါတယ်။

ဒီလတွေအတွင်း ရဲအဖွဲ့ဟာ ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေမျိုးကို ရှောင်ရှားနေတဲ့ ကြားထဲက မလွှဲမရှောင်သာ ထိပ်တိုက်တွေ့မှုတွေအတွင်း အခုအချိန်အထိ လူ ၁၁ ယောက် သေဆုံးပြီး ရာနဲ့ ချီ ဒဏ်ရာရသွားခဲ့ပါပြီ။

ကျန်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေ တိတ်ဆိတ်နေခဲ့ပြီး ဆန္ဒပြသမား အရေအတွက်လည်း ကျဆင်းသွားပါတယ်။

တော်ဝင်ပလာဇာကနေ ကုလသမဂ္ဂရုံးတွေအထိ သပိတ်စခန်းတွေကို ရဲ ၁ ထောင်ဝန်းကျင်က အေးအေးဆေးဆေးပဲ ရှင်းလင်းနိုင်ပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ထိပ်တိုက်တွေမှုတွေ ဖြစ်ခဲ့တဲ့ အစိုးရအိမ်တော်နဲ့ ဘန်ကောက် ရဲဌာနချုပ် အနီးတ၀ိုက်က သပိတ်စခန်းတွေကို ရဲတွေက ရှင်းလင်းနိုင်လိုက်ပါတယ်။

DVB Burmese