လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်သုံးဦး ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၁၄ ရက် ရုံးထုတ်စစ်ဆေးမည်

ပို့စ်တင်ချိန် - 2/14/2014 09:58:00 AM


(ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် ၄ ဦးတို့အား ထားရှိရာ ပခုက္ကူ အကျဉ်းထောင်အား မြင်တွေ့ရစဉ်)

လျှို့ဝှက်လက်နက်စက်ရုံ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ အင်းစိန်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် ရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုးတို့ သတင်းထောက် သုံးဦးသည် ယခုလ ၁၂ ရက်နေ့တွင် ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိလာပြီး တရားစွဲဆိုခံရသူ အားလုံးအား ယခုလ ၁၄ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်၏ ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

မလွင်လွင်မြင့်သည် ယခုလ ၁၃ ရက် နံနက်ပိုင်းတွင် ကိုလူမော်နိုင်အား ပခုက္ကူအကျဉ်းထောင်သို့ ထောင်ဝင်စာလာရောက် တွေ့ဆုံရာမှ ဦးတင်ဆန်းနှင့် သတင်းထောက် သုံးဦးတို့ ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိနေကြောင်းနှင့် ၁၄ ရက်တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ကိုလူမော်နိုင်နှင့် တာဝန်ရှိသူများ ပြောကြားချက်အရ မလွင်လွင်မြင့် သိရှိခဲ့ရခြင်း ဖြစ်သည်။

“ကျွန်မဒီနေ့(၁၃ ရက်) ပခုက္ကူ အကျဉ်းထောင်မှာ ကိုလူမော်နိုင်ကို ထောင်ဝင်စာ သွားတွေ့ရင်း ကိုလူမော်နိုင်နဲ့ စကားပြောရင်း ဦးတင့်ဆန်းတို့အားလုံး ပခုက္ကူအကျဉ်းထောင်ကို ရောက်နေကြောင်း သိခဲ့ရပါတယ်။ ကိုလူမော်နိုင်က ပခုက္ကူထောင်ကို ဦးတင့်ဆန်းတို့အားလုံး မနေ့(၁၂ ရက်နေ့)က ရောက်တယ်။ စကားလည်း ပြောရတယ်။ ထမင်းလည်း အတူစားရတယ်။ အိပ်ရာတော့ တစ်နေရာစီ ထားတယ်ဆိုပြီး ပြောပါတယ်။ ဧည့်တွေ့ဆုံမှာ ကိုလူမော်နဲ့ ကျွန်မစကား ပြောတုန်းမှာပဲ ရာဇာဦးနဲ့ စည်သူစိုးကို ရဲအရာရှိတွေက လက်ထိပ်ခတ်ပြီး ခေါ်သွားတာ တွေ့လိုက်ပါတယ်။

ခေါ်သွားတဲ့ အရာရှိတွေထဲမှာ ကျွန်မကို စစ်တဲ့သူတွေလည်း ပါပါတယ်။ ဒီသတင်းထောက် နှစ်ယောက်ကိုလည်း ပေါက်မြို့မှာ သတင်းလာယူတုန်းက အချိန်အကြာကြီး တွေ့ဖူးထားတဲ့အတွက် သေသေချာချာ မှတ်မိပါတယ်” ဟု ကိုလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့်က ပြောကြားသည်။

တရားစွဲဆို ခံထားရသူ အားလုံးအား ပခုက္ကူတရားရုံးတွင် မနက်ဖြန်ရုံးထုတ်မည့် အကြောင်းနှင့် ပက်သက်၍ “ထောင်မှူးကနေ ကျွန်မကို မနက်ဖြန်မှာ ကိုလူမော်တို့ အာလုံးကို ရုံးထုတ်မယ့်အကြောင်း ပြောတယ်။ တခြားရဲအရာရှိတွေကို မေးတော့လည်း ဟုတ်တဲ့အကြောင်း ပြန်ဖြေတယ်။ ကျွန်မရော လာပြီးနာေးထာင်လို့ ရလာမေးတော့ သူတို့က ရတဲ့အကြောင်း ပြန်ဖြေသွားတယ်။

ကိုလူမော်နိုင်အမှုနဲ့ပတ်သက်ပြီး ရှေ့နေအနေနဲ့ ဦးရောဘတ်စန်းအောင်ကို ငှားထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တရားစွဲဆို ခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် သုံးဦးတို့ ပခုက္ကူ အကျဉ်းထောင်သို့ ရောက်ရှိနေမှုအား ထပ်မံအတည်ပြုနိုင်ရန် ပခုက္ကူအကျဉ်းထောင်မှူးအား သွားရောက်မေးမြန်းခဲ့ရာ ၎င်းအိပ်နေကြောင်း အကျဉ်းထောင်တာဝန်ရှိသူ တစ်ဦးမှ ပြန်လည်ဖြေကြား ခဲ့သည့်အတွက် တွေ့ဆုံခွင့်မရှိခဲ့ပေ။
ရုံးထုတ်မည့် အခြေအနေနှင့် ပက်သက်၍ ပေါက်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက အဆိုပါ အမှုနှင့်ပက်သက်ပြီး ၎င်းတို့ဘာမှမသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးမှ ၎င်းတို့အနေနှင့် ရုံးလုပ်ငန်းများကိုသာ လုပ်ဆောင်ရကြောင်းနှင့် အဆိုပါအမှုနှင့် ပက်သက်၍ အမှုဖွင့်ထားသော ရဲစခန်းသို့သာ ဆက်သွယ်မြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်ထုတ် ယူနတီစာစောင် အတွဲ(၃) အမှတ်(၄) တွင် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြထုတ်ဝေခဲ့သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြထုတ်ဝေချက်သည် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှု့စစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် သတင်းရေးသား ပေးပို့သူနှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်းအရေးယူပေးပါရန် ဇန်နဝါရီ ၃ဝ ရက်တွင် သက်ဆိုင်ရာဌာနက ပေါက်မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ)၈။၂ဝ၁၄ မြန်မာနိုင်ငံ လျှို့ ဝှက်ချက် အက်ဥပဒေပုဒ်မ ၄(၁)(က)၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။


Eleven Media Group