အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် မီးတောင်ပေါက်ကွဲ

ပို့စ်တင်ချိန် - 2/14/2014 07:14:00 PM


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းက မီးတောင် တလုံး ပေါက်ကွဲပြီး ပြာပူတွေနဲ့ သံတွေ လေထဲ ၁၀ မိုင်အမြင့်အထိ ပန်းထွက်ခဲ့လို့ လေဆိပ် ၃ ခုကို ပိတ်ထားလိုက်ရပါတယ်။

အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ ဆူယာဗာရာမြို့ရဲ့ တောင်ဘက်ပိုင်းမှာ ရှိတဲ့ ကီလတ်မီးတောင် ပေါက်ကွဲမှုကြောင့် ဆူယာဗာရာမြို့လေဆိပ်၊ ယောခ့်ဂျကာတာနဲ့ ဆိုလို မြို့ လေဆိပ်တွေကို ပိတ်ပစ်ခဲ့ရပါတယ်။

မီးတောင်အနီးအနားမှာ နေထိုင်သူတွေလည်း ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

မီးတောင်ပေါက်ကွဲမှု ဖြစ်တဲ့ဒေသဟာ ရေနံချက်စက်ရုံကြီးတခုရှိတဲ့ ဒေသဖြစ်ပြီး လုပ်ငန်းတွေ ပုံမှန် လည်ပတ်နေသေးလားဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ရေနံချက်စက်ရုံကြီးဟာ အင်ဒိုနီးရှားတနိုင်ငံလုံးရဲ့ စွမ်းအင်လိုအပ်ချက် ၃ ပုံ ၁ ပုံကို ဖြည့်ဆည်းပေးနေတဲ့ စက်ရုံကြီး ဖြစ်ပါတယ်။

မီးတောင်ပတ်ပတ်လည် ၁၀ ကီလိုမီတာ ၀န်းကျင်မှာ နေထိုင်သူ ခန့်မှန်းခြေ ၂ သိန်းလောက် ရှိမယ်လို့ သတင်းတွေက ဆိုပါတယ်။

အင်ဒိုနီးရှားမှာ မီးတောင်ရှင်ပေါင်း ၁၃၀ ရှိပြီး ဒီလ အစောပိုင်းက ဆူမားတြားကျွန်းပေါ်က စီနာဘန်း မီးတောင်ပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

DVB Burmese