ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရန် နေပြည်တော်၌ ဆန္ဒပြ

ပို့စ်တင်ချိန် - 5/28/2014 07:37:00 AM

နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ နှင့် ၅၉ (စ) မပြင်ဆင်ရန် ဆန္ဒပြနေကြသူအချို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်း၍ နေပြည်တော်၌ ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်သည့် မေ ၂၇ ရက်တွင် ပြည်သူလူထုအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူ ပြည်သူအချို့မှာ ‘တပ်မတော်ပြိုကွဲမည့်အကြံ လက်မခံ’၊ ‘တိုင်းပြည်အန္တရာယ် ကျရောက်စေမည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ရှောင်ရှားကြ’၊ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းအား ကန့်ကွက်ပါသည်’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တက်ရပ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ရတာက ပြည်သူ့ဆန္ဒအရ ကန့်ကွက်ရတာ ဖြစ်တယ်။ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲနဲ့ အများအကျိုးအတွက် ကန့်ကွက်ရတာ ဖြစ်တယ်။ နံနက် ၉ နာရီလောက်က စပြတယ်။ အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူတွေနဲ့ အဆင်ပြေနေတဲ့အတွက် ဘာမှ အခက်အခဲ မရှိတဲ့အတွက် ဖြစ်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့ဆောင်ရွက်ပေးနေတဲ့ အနေအထားနဲ့ ပြည်သူလူထုနဲ့ အဆင်ပြေတဲ့ ကိစ္စပေါ့။ အခုလက်ရှိ ဘယ်ကိစ္စပဲဖြစ်ဖြစ် အခုထုတ်ထားတဲ့ ဥပဒေနဲ့အညီ သူတွေဆောင်ရွက်ပေးနေတဲ့အတွက် ကျွန်တော်တို့တတွေ မပြင်စေချင်တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်တော့ ယူထားမရှိပါဘူး” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကြာပန်းအ၀ိုင်းအနီး ဆန္ဒထုတ်ဖော်နေသူ ကိုမြင့်သိန်းက ပြောကြားသည်။

ထိုသို့ ဆန္ဒထုတ်ဖော်နေခြင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက စေခိုင်းခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူအချို့က ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ရေးထိုးသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲပြုလုပ်သည့် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနီး၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ကန့်ကွက်သည့်ဆိုင်းဘုတ်များ ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို မပြင်ဆင်ရေးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်အတွင်း ဆန္ဒထုတ်ဖော်နေသူ အချို့အား မေ ၂၇ ရက်က တွေ့ရစဉ်

အဆိုပါ ဆိုင်းဘုတ်များတွင် ‘ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းသည် ယနေ့ထိုင်းနိုင်ငံလို ဖြစ်သွားနိုင်သည်’၊ ‘ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအကျပ်အတည်း ဖြစ်သွားနိုင်သည်’၊ တစ်ဦးတစ်ယောက်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးအကြံ ဒို့လက်မခံ’၊ ‘ပြည်ပအားကိုးသူများ အလိုမရှိ’ စသည့်ဆိုင်းဘုတ်များ နေရာအချို့တွင် ချိတ်ဆွဲမှုများ ရှိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မည်သူက မည်သည့်အချိန်တွင် လာရောက်ချိတ်ဆွဲသွားသည်ကို မသိရှိကြောင်းနှင့် မိမိတို့ ချိတ်ဆွဲထားခြင်း မဟုတ်ကြောင်း အဆိုပါအနီးတွင် နေထိုင်သူများက ဆိုသည်။

ယင်းတို့နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဒက္ခိဏသီရိမြို့နယ် ဟောပြောပွဲတွင် “ကျွန်မ ဇမ္ဗူသီရိမြို့နယ်မှာ ဟောပြောတုန်းက ကြားခဲ့ရတယ်။ အုပ်ချုပ်ရေးထဲက အရာရှိတွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆန့်ကျင်တယ်ဆိုပြီး ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြတယ်လို့။ အဲဒီဟာက ဥပဒေနဲ့ မကိုက်ညီဘူးနော်။ ဥပဒေနဲ့ မကိုက်ညီရင် တကယ်ဖြစ်ခဲ့တယ်ဆိုရင် သက်သေအထောက်အထားတွေနဲ့ ခိုင်လုံရင် ဥပဒေလမ်းကြောင်းအရ အရေးယူဖို့ ဆောင်ရွက်မယ်” ဟု ပြောကြားသည်။

Eleven Media Group