နောက်ပေါက်ကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒို

ပို့စ်တင်ချိန် - 5/06/2014 11:06:00 AM


ဗလင်စီယာနဲ့ ရီးရဲလ်တို့ ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်အတွက် ချန်ပီယံမျှော်လင့်ချက် ဆက်လက်ရှင်သန်စေခဲ့တဲ့ ရော်နယ်ဒိုရဲ့ နာကျင်အချိန်ပို ချေပဂိုးကို ထိပ်တန်း အားကစားမီဒီယာတွေက ချီးကျူးထောပနာ ပြုခဲ့ကြပါတယ်။ ပွဲချိန် (၄၄)မိနစ်မှာ သွင်းယူတဲ့ မက်သရူးရဲ့ ဂိုးကို ရာမို့စ်က အနီးကပ်ခေါင်းတိုက်ချက်နဲ့ ပြန်ချေပခဲ့ပေမယ့် ပွဲချိန် (၆၅)မိနစ်မှာ ပါရီဂျိုကို ဗလင်စီယာအတွက် နောက်တစ်ဂိုး ထပ်သွင်းပေးခဲ့လို့ ရီးရဲလ်တို့ (၁-၂)ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။

ဒီပွဲရှုံးရင် သူတို့ရဲ့ လာလီဂါဖလား မျှော်လင့်ချက် ကင်းမဲ့သွားနိုင်ပြီး ဗလင်စီယာ ဂိုးသမား ဒီယေဂိုအဲလ်ဗက်စ်ကလည်း ပွဲချိန်တစ်လျှောက်လုံး လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဗလင်စီယာအသင်း (၃)မှတ် အပြည့်ရတော့မယ်လို့ ထင်မှတ်နေကြတဲ့ နာကျင်အချိန်ပို အရောက်မှာတော့ ဒီမာရီယာရဲ့ ပြင်းထန်အားပါတဲ့ ဖြတ်တင်ဘောကနေ ရော်နယ်ဒိုက
နောက်ပေါက်နဲ့ ချေပဂိုးသွင်းပေးခဲ့တာပါ။ ဒီဂိုးဟာ အခုရာသီမှာ ရော်နယ်ဒိုရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး(၅၀)မြောက် ဖြစ်လာခဲ့ပါပြီး သူ့ရဲ့ ဒီရာသီ အကောင်းဆုံး ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

@z(ရိုးရာလေး)