ခရီးသည်တင် လေယာဉ် အဆက်အသွယ်ပြတ်သွားသဖြင့် ပြင်သစ်လေတပ် အလုပ်များခဲ့

ပို့စ်တင်ချိန် - 5/06/2014 08:39:00 AM




ပြင်သစ်နိုင်ငံ အနောက်ပိုင်းတွင် တနင်္ဂနွေနေ့က ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်သွားသည့်နောက် တိုက်လေယာဉ်တစ်စင်း ချက်ချင်းအရေးပေါ် ပျံတက်ကာ အဆိုပါ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရ

ခရီးသည်တင် လေယာဉ်တစ်စင်း ရေဒီယို ဆက်သွယ်မှု ပြတ်တောက်
သွားသည့်နောက် ပြင်သစ်လေတပ် အနေဖြင့် အလုပ်များသွားခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံ အနောက်ပိုင်းတွင် တနင်္ဂနွေနေ့က ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်သွားသည့်နောက် တိုက်လေယာဉ်တစ်စင်း ချက်ချင်းအရေးပေါ် ပျံတက်ကာ အဆိုပါ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရသည်။

စစ်ဘက်ဆိုင်ရာ အရာရှိများက ခရီးသည်လေယာဉ် တစ်စင်း၏ လုံခြုံရေးကို အတည်ပြုရန်အတွက် လေတပ်တိုက်လေယာဉ် တစ်စင်း ပျံတက်သွားခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ဝါရှင်တန်သို့ ဦးတည်ပျံသန်းသည့် ယူနိုက်တက် လေကြောင်းလိုင်းပိုင် Boeing လေယာဉ်သည် ရောမမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။

ပြင်သစ်အနောက်ပိုင်း ကောင်းကင်ယံတွင် အဆိုပါ လေယာဉ်ထံမှ အဆက်အသွယ် ပြတ်တောက်သွားသည့်နောက် လေတပ်က Rafale တိုက်လေယာဉ် တစ်စင်းကို ချက်ချင်း စေလွှတ်ခဲ့သည်။ အဆိုပါ တိုက်လေယာဉ်သည် အသံလွန်မြန်နှုန်းဖြင့် ပျံသန်းသွားကာ လာရိုချာဆာယွန်းနှင့် နန်းတက်စ်မြို့များအနီး ကောင်းကင်ယံတွင် ခရီးသည်တင် လေယာဉ်အား လိုက်လံရှာဖွေခဲ့သည်။

ထိုအတောအတွင်း ယင်းဒေသများမှ မီးသတ်နှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များကိုလည်း လေယာဉ်ပျက်ကျသည့် အခြေအနေ ဖြစ်နိုင်ကြောင်း တပ်လှန့်နှိုးဆော်ထားခဲ့သည်။

ထို့နောက်တွင်မူ ဘောဒိုးစ်မြို့ တောင်ပိုင်း မိုင်(၆၀)မျှ အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၃၅၀၀၀)တွင် လေယာဉ်ကို ဘေးမသီရန်မခ ပြန်လည်တွေ့ရှိခဲ့သည်။ တိုက်လေယာဉ်သည် အသံအတားအဆီးကို ထိုးဖောက်နိုင်သည့် မြန်နှုန်းဖြင့် ပျံသန်းခဲ့ပြီး ခရီးသည်တင် လေယာဉ်၏ ဘယ်ဘက်တွင် ရင်ဘောင်တန်း လိုက်ပါကာ နိုင်ငံတကာ စံနှုန်းများအတိုင်း စစ်ဆေးခဲ့ကြောင်း ပြင်သစ်လေတပ်က ကြေညာသည်။ ထို့နောက် အကြမ်းဖက်မှုနှင့် အခြားပြဿနာ တစ်စုံတစ်ရာ ရှိမနေကြောင်း သေချာမှသာ အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။

ယင်းဖြစ်ရပ်မျိုးသည် ကြုံရတွေ့ရတတ်သည့် အခြေအနေမျိုးဖြစ်ပြီး ယမန်နှစ်က အကြိမ်ပေါင်း(၇၀)မျှထိ ကြုံခဲ့ဖူးသည်။ သို့သော်လည်း မလေးရှား လေကြောင်းလိုင်းမှ MH370လေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းတွင် ခရီးသည်လေယာဉ်များ အဆက်အသွယ် ပြတ်တောက်မှုများအပေါ် ပိုမို၍ အလေးထား သတိပြု ကိုင်တွယ်လာခြင်းဖြစ်သည်။

Planet Myanmar Network