အပြာဆန်ဆန်ဇာတ်ကားမျိုးတွေ မရိုက်ဘူးလို့ဆိုတဲ့ ဒါရိုက်တာဝိုင်းရဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားမီဒီယာ မိတ်ဆက်

ပို့စ်တင်ချိန် - 5/06/2014 04:15:00 PM


ခင်ဆွေသက်

ကျွန်မကနှင်းဆီပါ မောင် ဒီဇာတ်ကားကြီးဟာ မရိုက်ကူးခင်ကတည်းကလဲ အသံတွေထွက်ခဲ့သလို ခေါင်းဆောင်မင်းသမီး အပြောင်းအလဲ လည်း ရှိခဲ့တဲ့ကား ဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီး ကို ရုံမတင်ခင် ခုလို တစ်နှစ်စောပြီး မီဒီယာတွေကို တွေ့ဆုံရှင်းလင်းပြသခဲ့တာပါ။ ဇာတ်ကားဖန်တီးသူဒါရိုက်တာဝိုင်းရဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး အနည်းငယ်ပြောကြားချက်တွေကတော့ ‘ဒီဇာတ်ကားကြီးမှာ နှင်းဆီပန်းတွေနဲ့ ပတ်သတ်ပြီး အပင်တွေကြီးပဲ အပင် ၂၀၀လောက်ရှိတယ်။ နှင်းဆီတွေကြီးပဲ ၇၀၀၀လောက် သုံးထားတယ်။ ပတ်ပတ်လည်မှာ နှင်းဆီတွေ ချထားတာက ၄၀၀၀လောက်ရှိတယ်။ နှင်းဆီပန်းကြီးပဲကို ၁၅၀၀၀၀ခွဲ ၂၀၀၀၀၀ဖိုးလောက် ၀ယ်ရတယ်။ ဘာလို့လဲဆိုတော့ ပန်းတွေက တစ်ရက်ပဲ နောက်နွမ်းတာဆိုတော့လေ။ သေသေချာချာကို ဂရုစိုက်ပြီး ရိုက်ခဲ့ရတယ်ပေါ့နော်။ နောက်တစ်ခန်းဆို မိုးရွာတဲ့အခန်းမှာ ရိုက်တဲ့အခန်းဆို အစစ်ပါ။ အဲဒီတုန်းကတောင် ပြဿနာတက်သေးတယ်။ ရေကူးကန်ထဲက ကလိုရင်းပါတဲ့ရေတွေကို ချလိုက်တာ ဟိုတယ်ပိုင်ရှင်နဲ့တောင် စကားများသေးတယ်။ မေမြို့မှာကျတော့ မီးသတ်ကားမှငှားလို့မရဘူးလေ။ အဲလိုအခက်အခဲလေးတွေရှိခဲ့တယ်။

ပြီးတော့ ဖိနပ်စီးပေးရတဲ့အခန်း ဘာပဲဖြစ်ဖြစ် ဖိနပ်စီးပေးတာပဲဖြစ်ဖြစ်၊ ဆံပင်ဖြီးခိုင်းတာပဲဖြစ်ဖြစ် မိန်းမ နဲ့ယောကျာ်းဆိုပြီး ဘာလို့ခွဲခြားနေတာလဲ။ လူလူချင်း မဟုတ်ဘူးလား။ သူလဲ အသက်တစ်ချောင်း၊ ကိုယ်လဲ အသက်တစ်ချောင်း၊ မိန်းမလဲလက်၂ချောင်း၊ ခြေ၂ချောင်း၊ ခေါင်းတစ်လုံးပဲ ယောကျာ်းလဲ ဒီတိုင်းပဲလေ။ လူလူချင်းဘာတွေခွဲခြားနေတာလဲ။ ယောကျာ်းတွေက မြင့်မြတ်တယ်။ မိန်းမတွေက နိမ့်ကျတယ်ဆိုတာ ရှေးရိုးစွဲ အယူအဆ ဟောင်းတွေပါ။ ဘာသာရေးနဲ့ မပတ်သတ်စေချင်ဘူး။ ကိုယ်တို့ဗုဒ္ဓဘာသာက အင်မတန်သန့်ရှင်းပါတယ်။ ဘုရားဟောတွေထဲမှာ မပါဘူးနဲ့တူတယ်။ ၅၅၀နိပါတ်တော်လဲ အစ်ကိုတော်တော်များများကို ဖတ်ဖူးပါတယ်။အစ်ကိုတစ်ခါမှတော့ မတွေ့ဖူးပါဘူး။ ကိုယ်လိုချင်ရာကို ဆွဲပြောမယ်ဆိုရင် ဘာသာတရားကို ခုတုံးမလုပ်ပါနဲ့။ အဲဒါအင်မတန်ယုတ်ညံ့တဲ့သူ ဖြစ်တတ်တယ်။ ဒီဇာတ်ကားကို စရိုက်ကတည်းက ရဲရဲဝံ့ဝံ့ပြောတာရှိတယ်။ လိပ်ပြာလဲ လုံပါတယ်။ အစ်ကိုမဟုတ်ကဟုတ်က အပြာဆန်ဆန်မရိုက်ဘူး။ အစ်ကို ဗုဒ္ဓဘာသာဖြစ်တဲ့တွက် ဗုဒ္ဓဘာသာရဲ့ဟာကို စောင့်ထိန်းတယ်။ ဒီနေ့လာကြည့်တဲ့ထဲမှာ လူ၅၀၀ကျော်၊ ၆၀၀ကျော်လောက်ရှိတယ်။ တစ်ယောက်နှစ်ယောက်ပြောတာကို အစ်ကို ဘယ်လိုမှမနေဘူး။ ပြောတဲ့သူရဲ့စိတ်ထဲမှာ အင်မတန်အစွန်းရောက်လွန်းတယ်နဲ့တူတယ်။ ကြည့်ရတာ ဘာသာရေးအစွန်းရောက်လား မသိဘူး။ ၂၀၁၅ မေလမှ ရုံတင်မှာ ဒီကားကခုက မီဒီယာနဲ့ကိုယ်တို့လောကသားတွေကို အစ်ကိုရိုက်ထားတဲ့ ရုပ်ရယ်၊ ပြဇာတ်ရဲ့ကွာလတီရယ်ကို ပြတာပါ။ အဲဒီဟာတွေကို ရုံဖွင့်ပွဲအနေနဲ့ပရိုမိုးရှင်းလုပ်ထားတာပါ။ အစ်ကိုတို့ လောကသားတွေဆီမှာလဲ အငြင်းပွားမှုတွေရှိတယ်။ HD နဲ့ရိုက်တာတို့၊ 4K နဲ့ရိုက်တာတို့ဒီ 4K နဲ့ရိုက်မှာသာလျှင် နိုင်ငံတကာက ကားတွေနဲ့ တန်းတူဖြစ်မယ်ဆိုတာ ညီမတို့လဲမြင်ပြီ။ HD က အဲလောက်ထိ မကောင်းဘူးလေ။ အဲဒါကြောင့် ဒီပွဲလေးကို စီစဉ်ခဲ့တာပါ။ မဟုတ်ရင် မပြဖြစ်သေးပါဘူး။ အစ်ကို့ကားတိုင်းကို အားရကျေနပ်မှသာလျှင် ညီမတို့ကြည့်ရတာပါ။ အစ်ကို အားရကျေနပ်မှုမရှိရင် ရုံပေါ်ကို မရောက်သေးပါဘူး။ တိုက်ပွဲကတော့ နောင်တစ်နှစ်ကြာမှ စမှာပေါ့နော်။ နိုင်ငံတကာမှာပြဖို့လဲစီစဉ်ထားပါတယ်။ စင်ကာပူမှာ ပြဖြစ်ဖို့ကျိန်းသေသလောက်ရှိတယ်။ အမေရိကားက မြို့၂ မြို့လောက်က ကမ်းလှမ်းထားတာရှိတယ်။ အဓိက က ဒီကားရဲ့ လုံခြုံရေးပေါ့နော်။ ခိုးပေါက်သွားရင် အကုန်သွားပြီလေ။ ဗီဒီယိုမှာက ပိုက်ဆံပြန်ရှာရဦးမှာ ဆိုတော့လေ။ အစ်ကိုတို့အနေနဲ့အရမ်းကို စဉ်းစားရပါတယ်။ စင်ကာပူဆို မေလ၁၈မှာ စေတန်ပြပြီးတာနဲ့ဒီကားပြဖို့သူတို့စီစဉ်တာ ၊ဒါပေမဲ့ အစ်ကိုတို့အနေနဲ့ပေးလို့ မဖြစ်တဲ့အတွက် စဉ်းစားရတဲ့အပိုင်းလေးတွေ ရှိနေပါတယ်။ ၂၀၁၄ ထဲမှာ စုစုပေါင်း ၅ကားတင်ပါမယ်။’ လို့ သူက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar