အငြင်းပွားဖွယ် လယ်မြေပေါ်၌ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းများ ခြံခတ်လျက်ရှိရာ လယ်သမားများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီး အခြေအနေတင်းမာ

ပို့စ်တင်ချိန် - 5/06/2014 07:40:00 AM



Written by:
ဝေလင်းအောင်

အငြင်းပွားဖွယ်ရာ လယ်မြေပေါ်တွင် ကုမ္ပဏီဘက်မှ လုံခြုံရေးဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် အငြင်းပွားဖွယ်ဖြစ်နေသော လယ်မြေပေါ်၌ ဇေကမ္ဘာကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများက ခြံခတ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် မတ် ၄ ရက် နံနက်ပိုင်းတွင် လယ်သမားများနှင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ နှစ်ဦးနှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ လာရောက်တားဆီးမှုများရှိခဲ့ပြီး မေ ၅ ရက်တွင် မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားများအား ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကာ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုများ မပြုလုပ်ကြရန်နှင့် ထိုသို့ဖြစ်ပွားခဲ့သော အခြေအနေများကို အထက်သို့တင်ပြသွားမည်ဟု မင်္ဂလာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်သိန်းက ဆိုသည်။

စဖြစ်တုန်းကတော့ လယ်သမားရှစ်ယောက်လောက်ပဲရှိတယ်။ အခုသူတို့ဘက်က ရဲစခန်းမှာ လယ်သမားလေးဦးကို အမှုဖွင့်ထားတယ်။ လယ်သမားတွေဘက်က အမှုပြန်ဖွင့်တော့ ရဲစခန်းကလက်မခံပါဘူး
"မနေ့က နံနက် ၁၁ နာရီလောက်မှာ ဇေကမ္ဘာက လုံခြုံရေးဝန်ထမ်းတွေက လယ်ကွက်တွေကို ခြံလာခတ်တယ်။ အဲဒါကိုလယ်သမားတွေက အငြင်းပွားမှုဖြစ်နေတဲ့မြေမှာ ခြံမခတ်ဖို့တားတာကို သူတို့ဘက်ကအရင်စပြီး ရန်စောင်တာပါ။ သူတို့ဘက်က လူဦးရေ ၃၀ ကျော်ရှိတယ်။ ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ထားတယ်။ စဖြစ်တုန်းကတော့ လယ်သမားရှစ်ယောက်လောက်ပဲရှိတယ်။ အခုသူတို့ဘက်က ရဲစခန်းမှာ လယ်သမားလေးဦးကို အမှုဖွင့်ထားတယ်။ လယ်သမားတွေဘက်က အမှုပြန်ဖွင့်တော့ ရဲစခန်းကလက်မခံပါဘူး။ အခုလယ်သမားတွေက ခြံခတ်တာကို မှတ်တမ်းဓာတ်ပုံရိုက်ထားတော့လည်း သူတို့ဘက်က လေးခွထဲ ဂုန်းသီးထည့်ပြီး ပစ်တာမျိုးတွေရှိတယ်"ဟု လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်မင်္ဂလာဒုံဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်စီမံကိန်း၏ မြေကွက်အမှတ် (၂) (၄၇.၂၂၈) ဧကနှင့် ထင်းရှုးရိပ်သာ (၂) (၄၂.၄၃၀) ဧကတို့အား ဇုန်မြေကွက်ဖော်ထုတ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဖော်ဖေါ်ဝါရီ ၁၃ ရက်တွင် သဘောတူညီ၍ ဇေကမ္ဘာကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်သောအခါ ၂၀၁၃ ခုနှစ် မတ်လပိုင်းတွင် ဇေကမ္ဘာကုမ္ပဏီနှင့် လယ်သမားအကြား ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ နှစ်ဦးနှစ်ဖက် မလိုလားအပ်သော ပြဿ     နာမဖြစ်ပွားစေရန် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် လုပ်ဆောင်ရွက်မှုများအား ရပ်ဆိုင်းထားရန်နှင့် လယ်သမားများအား လယ်မြေပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်ကြခြင်းမပြုရန် အမိန့်စာကို ၂၀၁၃ ခုနှစ် မတ်လအတွင်း၌ပင် ထုတ်ပြန်ထားကြောင်း သိရသည်။

"အစိုးရပိုင်ဆိုင်တဲ့မြေကို ကုမ္ပဏီက လျှောက်ထားတဲ့အတွက် လုပ်ပိုင်ခွင့်ရခဲ့တယ်။ ကုမ္ပဏီကလုံခြုံရေးဝန်ထမ်းတွေ ခြံလာခတ်တာကို အေးအေးဆေးဆေးလာတာမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ရမ်းကားပြီး ရိုက်နှက်တာပါ။ ကျွန်တော်တို့ဘက်က လူသုံးဦးဒဏ်ရာရသွားတယ်။ အဲ့ဒီအတွက်ကြောင့် အမှုဖွင့်ထားတယ်။ သူတို့ဘက် လယ်ယာစုံစမ်းရေးကော်မရှင်ကို တိုင်ကြားထားတယ်ဆိုရင်လည်း အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးချက်အဖြေကိုပဲ စောင့်နေသင့်ပါတယ်။ ဒီလိုအုပ်စုဖွဲ့ရမ်းကားစရာမလိုပါဘူး။ ကျွန်တော်တို့ဘက်က ခွင့် ပြုချက်ရရှိထားတာဖြစ်လို့ ခြံခတ်တာကို ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ဇေကမ္ဘာကုမ္ပဏီ လုံခြုံရေးဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ကွင်းအမှတ် (၄၀၇ ဘ)၊ (၅၃၄ဘ)၊ (၅၂၄ခ) လယ်မြေများကို ၁၉၉၅ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဇေကမ္ဘာကုမ္ပဏီက အကျိုးတူပူးပေါင်းဆောင်ရန် လွှဲပြောင်းရယူခဲ့သောကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လျက်ရှိသည့် လယ်သမား ၁၈၆ ဦးမှာ နစ်နာကြေး တစ်စုံတစ်ရာမရှိခဲ့သည့်အတွက်  တိုင်ကြားစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လယ်ယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်ရှင်ထံသို့ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားမှုများမရှိသေးကြောင်း လယ်သမားများကဆိုသည်။

ယင်းကဲ့သို့ ဇေကမ္ဘာဝန်ထမ်းများနှင့် လယ်သမားများ ခိုက်ရန်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းမြင့်အား ဆက်သွယ်မေးမြန်းရာ "လောလောဆယ်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်အချို့ အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ထူးခြားမှုရှိမရှိကို စောင့်ကြည့်နေပါတယ်။ ထူးခြားတာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံလိုက်သွားပြီး ပြေလည်အောင်ဖြေရှင်းပေးဖို့ စီစဉ်ထားပါတယ်။ အခုဒဏ်ရာရရှိအောင်လုပ်တဲ့သူ သုံးဦးအနက် နှစ်ဦးကိုတော့ ဖမ်းဆီးထားပါပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

news-eleven