မန္တလေးတိုင်းဒေသကြီး အတွင်း မိုးကြိုးထိမှန်၍သေဆုံးမှုများဖြစ်ပွား

ပို့စ်တင်ချိန် - 5/06/2014 04:17:00 PM


နေပြည်တော် မေ ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ကျွန်းဟိုင်းကျေးရွာတွင် မေ ၃ ရက် မွန်းလွဲ ၁ နာရီက မိုးကြိုးထိ မှန်၍ သေဆုံးသူတစ်ဦး ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ ပိတ်ချင်းမြောင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦးညာ လိန်(၆၁)နှစ်ဖြစ်ပြီး ယင်းနေ့နံနက် ၁ဝ နာရီက ရွာတောင်ဘက်နှစ်ဖာလုံ ခန့်အကွာ အာလူးခင်းတွင်ရှိနေစဉ် မိုးကြိုးထိမှန်၍ သတိလစ်သွားသောကြောင့်ဆေးရုံသို့တင်ပို့ရာ လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ် အင်းပုပ်ကျေးရွာတွင် မိုးကြိုးလျှပ်စီး လက်ရာမှ လျှပ်စစ်ရှော့ဖြစ်၍ ကလေး ငယ်တစ်ဦးသေဆုံးကြောင်း သတင်း အရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ မှာ ယင်းကျေးရွာနေ မောင်ကျော်စွာ ဝင်း (၁ဝ)နှစ်ဖြစ်ပြီး ယင်းနေ့ နံနက် ၁ဝ နာရီခွဲက မိုးဖွဲများကျ၍ လျှပ်စီးလက်စဉ် နေအိမ်ဝင်းအတွင်း မြေကြီးပေါ်သို့ လဲကျသွားသောကြောင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ တင်ပို့ ရာ ဆေးရုံအရောက်တွင် သေဆုံး သွားကြောင်း သိရသည်။

(ရဲပြန်ကြား)
Myanmaalinn