အသည်းကင်ဆာနှင့် စားသောက်မှုပုံစံ

ပို့စ်တင်ချိန် - 5/06/2014 09:20:00 AM


အသည်းကင်ဆာဆိုတာက
အရက်သောက်တာ တစ်ခုတည်းကြောင့်ဆိုတာထက်
လူတိုင်းနေ့စဉ်စားသုံးနေတဲ့
အစားအသောက်တွေနဲ့လည်း ပတ်သတ်နေပါတယ်…

အသည်းခြောက်ရောဂါရှိတဲ့ လူတွေဟာ
တစ်ချိန်ချိန်မှာ အသည်း ကင်ဆာဖြစ်ဘက်ကို
ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါတယ်...

ရောဂါဖြစ်စဉ်ကို အဓိကပြောရရင်တော့
အသည်းရောင်အသားဝါရောဂါ ဘီပိုး စီပိုးနဲ့ အရက်နဲ့ အသည်းအဆီဖုံးတာတွေကြောင့် ဖြစ်ပါတယ်..

ဘီပိုး စီပိုးရှိမှန်းသိပြီး ဘာမျှလည်း မစစ်ဆေး မကုသ
မဆင်ခြင် လုပ်ချင်သလို လုပ် နေချင်သလိုနေတဲ့
လူနည်းစုမှာသာ အသည်းခြောက်ပြီးမှ
အသည်းကင်ဆာ ဖြစ်တတ်တာပါ....

အသည်းဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့
အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပြီး
ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား
ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်…..

ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက်
အစိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်….
ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့
အလုပ်ကလည်း အင်မတန် များပါတယ်…..

အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော
သွေးကိုလက်ခံပြီး ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန်
နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်….
အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက်
လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်….

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်းကို
အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ….
သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ
အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်....
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့်
ရောဂါဖြစ်နေသည့် လူနာ...
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ...
(၃) မှန်ကန်သော နေထိုင်စားသောက်မှု မရှိသူ...

Primary Liver Cancer နဲ့
Secondary Liver Cancer ဆိုပြီး ၂ မျိုးရှိပါတယ်…

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
ကတော့ အသည်းခြောက်ရောဂါ
(Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့
အမျိုးအစား ဖြစ်ပါတယ်....
အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တစ်ခုခု
ရှိနေသောသူများတွင် Pramary Liver Cancer ကို
အများဆုံး တွေ့ရပါတယ်....

Primary Liver Cancer က
Secondary Liver Cancer ထက်
အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်....

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
ဆိုတာက တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့
ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့
တစ်ဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်....

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင်
ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်...

Secondary Cancer ကတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက်
ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း
အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို
အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့်
နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန်
ကုသမှုကို ခံယူနိုင်ပါတယ်....

အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့
ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့်
တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက
အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး
အသည်းကင်ဆာရသူ အများစုမှာ
Secondary Liver Cancer ရသည့် ဦးရေက
မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်....

ထို့အတူ Secondary Liver Cancer ကိုလည်း
မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်...
ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင်
Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်....

အန္တရာယ်ဖြစ်စေသည့်အရာများကတော့....

အသည်းရောင်အသားဝါဘီပိုး စီပိုး...
အသည်းခြောက်ခြင်း....
အရက်...

ငရုတ်သီး မြေပဲ မြေပဲထောပတ်
ပြောင်း ဆန် တို့ရဲ့ မှိုတက်နေသော အစားအသောက်....
အာဆင်းနစ်များသော ရေ ....
သံဓာတ် များသော အစားအစာ ....

မကျက်သော အကင်အသားများ ....
သန္ဒေတားဆေးလုံး ...
ဆေးလိပ် ဆေးရွက်ကြီး ...
မသန့် သောဆီ ( အကြိမ်များ စွာကြော်လှော်နေသော ဆီ )
တို့ ဖြစ်ကြပါတယ် ...

မိန်းကလေးများသည့်အများအားဖြင့် စားသောက်သည့်
အခါတွင် စပ်သော အရသာ ပိုမိုကြိုက်ခြင်းသည်
အသည်းရောဂါဖြစ်ဖို့ အားပေးပါတယ်....

အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရတတ်ပါ...
နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့
အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…

အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း...
ဗိုက်နာ ခြင်း...
သွေးအားနည်းခြင်း...
အသည်းအရွယ်အစားကြီးလာခြင်း ...
ညာဘက်နံရိုး အောက်ဘက်တွင် နာ လာ တက်ခြင်း ...

ကိုယ်အလေးချိန် ကျဆင်းခြင်း...
အကြောင်းမဲ့ပိန်လာခြင်း....
အစားအသောက်ပျက်ခြင်း...

နေမထိထိုင်မသာတဖြေးဖြေးဖြစ်ပေါ်လာခြင်း....
မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း...

ပျို့ချင်အန်ချင်ခြင်း...
လေချုပ်ဝမ်းကယ်ဖြစ်ကာ ၀မ်းဗိုက်ဖေါင်းပွလာခြင်း...
အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်...

ဖြစ်ပြီဆိုတာနဲ့ ၀မ်းဗိုက်ညာဘက်တစ်ခြမ်း
အောင့်လာတတ်ပါတယ်…
ဒါမှမဟုတ် အဲဒီနေရာမှာ အလုံးပေါ်လာတတ်ပါတယ်...

ကျန်းမားရေးအတွက် သွေးစစ် ကြည့်လိုက်ပါက
သွေးများထဲ့တွင် အယ်လဖာဖီတိုပရိုတင်း (
Alphafeto Protein-AFP) 500ng/ml ထက်များနေပြီးဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ တော်တော်များနေပါတယ်....

ဗိုက်ကို အက်ထရာဆောင်း ရိုက်ကြည့်ရင်
အသည်းကင်ဆာအလုံးကို တွေ့မှာပါ....
ပိုသေချာအောင် သေချာတိကျမှု့ ဖြစ်ချင်တယ်ဆိုရင်တော့
(CT Scan) ရိုက်ကြည့်လိုက်ပါက
အသည်းဖြစ်နေတာကို ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်...

အသည်းအရောဂါ စလာတတ်တာရယ် ဒီလိုဖြစ်ပေါ်နေခြင်း ကာလာကြာရှည်လာမယ်ဆိုရင်
ပိုဆိုးလာတော့မယ်လို့  ပြောချင်ပါတယ်...

အရက်သောက်သုံးသည့်သူများဟာ အ၀င်ကောင်းအောင်ဆိုပြီး အချိုရည်ရောနှောသောက်သုံးခြင်း ….
ရေမနှောဘဲ အလွန်အကျွံသောက်သုံးခြင်း နှင့် အရက်ကို ရေလို့ သဘောထားပြီး သောက်သုံးနေပြီဆိုရင် အသည်းကင်ဆာဖြစ်နိုင်ချေ ရာခိုင်နှုန်း
ပိုမိုများပြားလာပြီဆိုတာကို ကြိုတင်အသိဝင်သင့်ပါတယ်...

အသည်းကင်ဆာ ဖြစ်စေတတ်တဲ့
အရာတွေဟာ ကာကွယ်လို့ရပါတယ်....

အသည်းရောင် ဘီပိုးမ၀င်အောင် ကာကွယ် ဆေးထိုးထားပါ... စီပိုးမ၀င်အောင် သွေးနဲ့မထိနဲ့....
အရေပြားဖောက်မယ့် လုပ်ဆောင်မှု
မှန်သမျှကိုတော့ ပိုးသန့် စစ်ပါစေ ...

အရက်ကို အလွန်အကျွံ စည်းမရှိကမ်းမရှိ သောက်လွန်းတဲ့
သူတွေမှာလည်း အသည်း ကင်ဆာဖြစ်တတ်ပါတယ်....

ကာကွယ်ကုသ ဖြေရှင်းနည်းကတော့ ရောဂါဖြစ်လာရင်
စောစောသိဖို့ အရေးကြီးပြီး အသည်းရောင်အသားဝါအတွက်
ပုံမှန်စောင့်ကြည့် စစ်ဆေးဖို့လိုပါတယ်...
စောစောသိခဲ့ရင် ခွဲစိပ်ပြီး ပျောက်အောင်ကုသပေးနိုင်လို့ပါ...

အသည်းရောဂါ မဖြစ်အောင် သတိထားသင့်တာတွေကိုလည်း ဆက်လက်ဖေါ်ပြလိုက်ပါတယ်…

မှန်ကန်သော နေထိုင်စားသောက်မှု
မရှိခြင်းဟာ ရောဂါဖြစ်စေတဲ့ အဓိကအချက်တွေပါဘဲ....

မှန်ကန်တဲ့ ညအိပ်ချိန် ၁၀ နာရီ နဲ့ မနက်ထချိန် ၅ နာရီ ကို မလိုက်နာဘဲ နောက်ကျအိပ်ပြီး နောက်ကျထခြင်း…..
မနက်စာကို မစားဘဲ နေခြင်း….

မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို
မသွားဘဲ ချုပ်ထိန်းထားခြင်း….
ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ
မိမိဝမ်းဗိုက်ထက် မဆံ့အောင် ) အလွန်အကျွံ စားခြင်း….

မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိန် မဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့်
ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း...

သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ
အတုလုပ်ထားသော အစားအစာများ
Date ကျော်နေသော အစားအစာများစားသုံးနေခြင်း….

ပိုးသတ်ဆေးများ အသုံးပြုထားသော အဖြန်းခံထားရသော
အစားအစာများ ကို ရေနွေးဆူဆူဖြင့် အရင်စိမ်ပြီး မစားသုံးခြင်း….
အရက်များ အလွန်အကျွံသောက်ခြင်း...

အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ….
အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်အောင်
ချက်ပြုတ်စားသောက်မှု မပြု ခြင်း….

နေ့စဉ်နေ့တိုင်း အထိုင်များသူ ဖြစ်ပါလျက်
ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း တို့ပါဘဲ...

အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့
ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ
ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို
ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး
ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်…..

အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို
ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ
အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင်
ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ
ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တစ်လနှစ်လ
ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်…..

ယခုခေတ်မှာ အသည်းကင်ဆာကို ပျောက်အောင်
ကုသနိုင်ပါတယ်...
စောစောစီးစီး ကင်ဆာအလုံးလေး သံပုရာသီးလောက်
အဆင့်မှာသာတွေ့ရင် အသည်း
အစားထိုးကုလိုက်ရင် ပျောက်ပါတယ် ….
အလုံးက သေးလို့ရှိရင် ခွဲထုတ်ပစ်လိုက်ရင်လည်း ရပါတယ်….

ဒါမှမဟုတ် ဆေးရည်ထိုးသွင်းကုသခြင်းဖြစ်တဲ့ ကင်ဆာအလုံးသေးလေးတွေကို ပျော်သွားပြီး
ပျောက်သွားအောင် ဓာတုဗေဒ အရက်ပြင်း
(Absolute Alcohol) ကို ကင်ဆာအလုံးထဲထိုးကုတဲ့
(Percutaneous Ethanol Injection) နည်းလည်းရှိပါတယ်…..

(Rediofrequency Ablation Theraphy )ခေါ်တဲ့ ဓာတ်ရောင်ခြည်လှိုင်းအပူနဲ့ ခြေပစ်ရင်လည်းရနိုင်ပါတယ် …..

အခုခေတ်ကာလ ခေတ်စား ကုသနည်းကတော့ ……….
ပေါင်မှ သွေးကြောကနေ အသည်းကင်ဆာလုံးထဲကို
တိုက်ရိုက် ဆေးသွင်းပြီး ကုတဲ့
(Trans Arterial Chemo Embolization – TACE)
နည်းဘဲဖြစ်ပါတယ် …..

အလုံးအရွယ်စားကြီးနေတာကိုတော့
ပျောက်အောင်မကုသနိုင်ပေမဲ့
သေးငယ်နေတဲ့ အလုံးကိုတော့
သက်သာ ပျောက်ကင်းအောင်
ကုသနိုင်တဲ့ အခုခေတ် ကုထုံးတစ်မျိုးလည်း ဖြစ်ပါတယ်....

ဝေဒနာရှင်အနေနဲ့ ဆရာဝန်ကို မေးမြန်းသင့်သည့်
မေးခွန်းတွေကတော့...
.
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက
ဘာအမျိုးအစား အသည်းကင်ဆာလဲ…..
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား...
အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ…..

(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ……
(၄) ကုသနိုင်တဲ့ အခွင့်အလမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ….

(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ….
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ….

(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့
ဆက်ပွားပြသနာတွေက ဘာတွေလဲ…..
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ…..
အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ…..

(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy)
တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ…..
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ….
.
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ…..
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ….
ဆိုးကျိုးတွေက ဘာရှိလဲ….

(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ….
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့်
မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား…..

(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တစ်ခါ
(How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ…..
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တစ်ကြိမ်
ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ
စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့
အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း
တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်…

ကျနော် ပညာရှင်အဟုတ်ပါ…
ပညာကို အရှင်ဖြစ်အောင်မျှဝေသာသာမို့
အမှားပါရင် ခွင့်လွှတ်ပေးကြပါ….

လူသားအားလုံး အသဲကင်ဆာဝေဒနာဆိုးမှ ကင်းဝေးကြပါစေ….။ ။

အစဉ်လေးစားလျှက်ပါ....

မိုးမင်း
MWD