ယူကရိန်းတပ်နှင့်ခွဲထွက်ရေးတပ် တိုက်ပွဲ ၁၂ ဦး သေဆုံး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရ

ပို့စ်တင်ချိန် - 5/06/2014 04:35:00 PM


ယူကရိန်းနိုင်ငံ ဆလာဗီယံမြို့မှာ မေ ၅ ရက်နေ့က ယူကရိန်းစစ်တပ်နဲ့ ဒေသခံ ခွဲထွက်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး ယူကရိန်း စစ်ဘက်ရဟတ်ယာဉ် ၁ စီး ပစ်ချခံခဲ့ရပါတယ်။

ဆလာဗီယံမြို့ တိုက်ပွဲတွေအတွင်း သေဆုံး သူတွေထဲမှာ ယူကရိန်းစစ်သား ၄ ဦး ပါဝင်ပြီး နောက်ထပ် အယောက် ၃၀ လည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။

မေ ၅ ရက်နေ့ မနက်က ဆလာဗီယံမြို့ထဲ ၀င်ဖို့ကြိုးစားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ချုံခို တိုက်ခိုက်ခံရလို့ အခုလို သေဆုံးရတာလို့ သတင်းတွေက ဆိုပါတယ်။

ယူကရိန်းအစိုးရကတော့ တပ်ဖွဲ့ဝင် ၈၀၀ ရှိတဲ့ ယူကရိန်းခွဲထွက်ရေးတွေနဲ့ အကြမ်းဖက် စစ်ဆင်ရေး လုပ်နေပြီး နှစ်ဖက်စလုံး ထိခိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မေ ၅ ရက်နေ့က ယူကရိန်းစစ်ဘက် အမ်အိုင် ၂၄ ရဟတ်ယာဉ် ၁ စီး ဆလာဗီယံမြို့အနီးမှာ ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုပြီး လေယာဉ်မှူးတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မေ ၅ ရက်နေ့က ပစ်ချခံခဲ့ရတဲ့ စစ်ဘက်ရဟတ်ယာဉ်ဟာ ယူကရိန်း အရှေ့ပိုင်းစစ်ဆင်ရေးတွေ စတင်ပြီး ၃ စီး မြောက် ပစ်ချခံရတာလည်း ဖြစ်ပါတယ်။

ဆလာဗီယံမြို့ဟာ လူဦးရေ ၁ သိန်း ၂ သောင်းခွဲရှိတဲ့ ယူကရိန်းနိုင်ငံက ခွဲထွက်ရေး တောင်းဆိုနေကြတဲ့ ယူကရိန်းအရှေ့ပိုင်းက အဓိကမြို့တမြို့ ဖြစ်ပါတယ်။

ယူကရိန်းတောင်ပိုင်းက ပင်လယ်နက်ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ အိုဒစ်ဆာမြို့မှာလည်း မေ ၅ ရက်နေ့က အစိုးရနဲ့ ခွဲထွက်ရေးတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တိုက်ပွဲတွေအတွင်း လူ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တာကြောင့် ယူကရိန်းအရေးအခင်း စဖြစ်ပြီးနောက်ပိုင်း အိုဒစ်ဆာမြို့မှာ လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က အိုဒစ်ဆာမြို့ရဲစခန်းကို သိမ်းပိုက်ပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့အပြင် တင်းမာမှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ အစိုးရဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေကို ရုရှားလိုလားသူ ခွဲထွက်ရေးတွေ သိမ်းပိုက်ခဲ့ကြပါတယ်။

DVB Burmese