တောင်တန်းသာသနာပြု ဆရာတော် ကြေးရုပ်တုဖွင့်ပွဲ လူတစ်သိန်းကျော်တက်

ပို့စ်တင်ချိန် - 5/06/2014 09:12:00 PM



မန္တလေး၊ မေ ၅
ရှမ်းပြည်နယ် တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ၏ ကြေးရုပ်တု ဖွင့်ပွဲကို မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် တန့်ယန်းမြို့ လွယ်တိမ်ခမ်းကျောင်းတွင် ပြုလုပ်ရာ ပရိသတ် တစ်သိန်းခန့် တက်ရောက်ခဲ့ကြောင်း ယင်းဖွင့်ပွဲအရ သိရှိရသည်။

“ဒီကျောင်းကို ရောက်တဲ့အခါ ဆရာတော်ကို မဖူးတွေ့ရပေမယ့် ဆရာတော် ဟောကြားခဲ့တဲ့ တရားတော်တွေကို ဆင်ခြင်တဲ့အနေနဲ့ ရုပ်တုရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်လို့ပဲ ဖြစ်ဖြစ် ဆရာတော်ကို ဖူးတွေ့တာပဲ ဖြစ်ဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (တန့်ယန်း) က မိန့်ကြားသည်။

ယင်းကြေးရုပ်တုကို မန္တလေးမြို့တော်တွင် သွန်းလုပ်ခြင်း ဖြစ်ပြီး အမြင့် ၈ ပေခန့် ရှိကာ ရုပ်တု အပါအဝင် ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ ရှိကြောင်း တောင်တန်းသာသနာပြု ဆရာတော်၏ မိသားစုဝင် ဒေါ်နန်းကြည်ကြည်သိန်းက ဆိုသည်။

ယင်းဆရာတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဖွားမြင်ပြီး ၁၉၈၀ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း ဝိပဿနာ အလုပ်ပေး တရားစခန်းများ ဖွင့်လှစ်၍ သာသနာပြုလျက် ရှိကြောင်း ယင်းဆရာတော် အတ္ထုပ္ပတ္တိအရ သိရှိရသည်။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒသည် ရှမ်းပြည်နယ် မူဆယ်မြို့ လွယ်တိမ်ခမ်းကျောင်းတွင် သီတင်းသုံးကာ တောင်တန်းသာသနာပြုလျက် ရှိသည်။

ယင်းတောင်တန်းသာသနာပြု ဆရာတော်၏ ကြေးရုပ်တု ဖွင့်ပွဲ၊ မဟာမြတ်မုနိကျောင်း ထီးတော်တင်ပွဲသို့ မြန်မာပြည်အရပ်ရပ်ရှိ မြို့ ၃၀ ကျော်က ရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

The Voice Weekly