အာဖဂန် မြေပြိုမှု လူ (၂၅၀၀) နီးပါး သေဆုံး နိုင်သည်ဟု ခန့်မှန်းထား၊ ကယ်ဆယ်ရေးများ လက်လျှော့ ရပ်ဆိုင်း

ပို့စ်တင်ချိန် - 5/06/2014 10:16:00 AM


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် ဘာဒက်ရှန်တွင် သောကြာနေ့ က မြေပြိုမှု ဖြစ်ပွား ခဲ့ရာ ရွာလုံးကျွတ် နီးပါး ရွှံ့မြေ များအောက် ပိမိသဖြင့် လူပေါင်း (၂၅၀၀) နီးပါး သေဆုံး နိုင်ကြောင်း သက်ဆိုင်ရာ က ခန့်မှန်းထားသည်။

အာဘာဘာရစ်ခ် ရွာငယ်ကို မြေပြို ကျသော ရွှံ့မြေများ ဖုံးသွားရာ ရှာဖွေ ကယ်ဆယ်မှုများ ကြိုးစား လုပ်ဆောင် သော်လည်း မီတာ များစွာ မြင့်သော ရွှံ့ပြင်ကြီး ဖုံးလွှမ်း သွားခြင်း ဖြစ်သောကြောင့် တနင်္ဂနွေ နေ့တွင် ကယ်ဆယ်ရေး သမားများ လက်လျှော့ လိုက်ကြပြီး ထို နေရာကို အာဘာ ဘာရစ်ခ်ရွာအတွက် သုသာန် အဖြစ် သတ်မှတ်ခဲ့ရကြောင်း သိရသည်။

မြေပြိုမှု မှ လွတ်မြောက် ခဲ့သူ အနည်းငယ် အတွက် ယာယီ တဲများ၊ အစား အသောက်၊ ဆေးဝါး နှင့် ရေများ ပို့ဆောင် ပေးထားကြောင်း သိရ သည်။ မြေပြို မှုသည် နှစ်ကြိမ်ဆက် ဖြစ်ပွားခြင်း ဖြစ်သည်။ ပထမ မြေပြို မှုကြောင့် အိမ်ပေါင်းရာချီ မြေအောက် ရောက်သွားချိန် တွင် အနီးအပါး ရွာများမှ လူများပါ ကယ်ဆယ်ရန် ရောက်လာပြီး တူးဆွမှု များ လုပ်နေစဉ် နောက်တ စ်ကြိမ် ထပ်မံ မြေပြို ခဲ့ရာ ကယ်ဆယ်ရန် ရောက်ရှိ နေသူ များပါ သေဆုံး ခဲ့ရ သည်။

မိုးသည်း ထန်စွာ ရွာသွန်း နေခြင်းသည် မြေပြို ရခြင်း အကြောင်းရင်း ဖြစ်ကြောင်း ထိုနေရာ သို့ ရောက်ရှိ နေသော ဘီဘီစီ သတင်းထောက် ဒေးဗစ်လွိုင်း က ပြောသည်။ နှစ်ကြိမ် မြေပြိုမှု ဖြစ်ပွား ပြီးနောက် ရှာဖွေ ကယ်ဆယ်ရန် ကြိုးပမ်းသူများသည် ပေါက်ပြားများ သာမက လက်ကိုပါသုံးကာ စနေနေ့ တစ်နေ့လုံး မြေကြီးများ တူးဆွ ဖယ်ရှားခဲ့ကြသည်။

ရွာလုံးကျွတ် နီးပါးကို မီတာနှင့် ချီမြင့်သော ရွှံ့ညွန်ထုက ဖုံးအုပ်ခဲ့သည် ဖြစ်ရာ နောက်ဆုံး တွင် ရှာဖွေ ကယ်ဆယ်သူများ လက်လျှော့လိုက် ရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ရှားဝေလူလာ အာဒဗ် က ပြောသည်။

Messenger News Journal