ကျိန်စာတိုက်သူ သဲကုန်းလယ်သမားငါးဦးကို ပုဒ်မ၅ဝ၅(ခ)ဖြင့်ရုံးတင်

ပို့စ်တင်ချိန် - 5/06/2014 09:49:00 PM


Written by ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ လယ်ယာမြေ သိမ်းဆည်းမှုတွင် ပါဝင်ပတ်သက် နေသူများကို ကျိန်စာတိုက်ခဲ့သည့် လယ်သမားငါးဦးကို ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် တရားရုံးတွင် မေလ(၆)ရက်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လှုံ့ဆော်မှု ပုဒ်မ၅ဝ၅(ခ)ဖြင့် ရုံးတင်စစ်ဆေးခဲ့သည်ဟု တရားဆွဲခံရသူများကပြောသည်။

“အသေဆိုးနဲ့ သေပါစေ၊ သားမယားကွဲပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ ပါဖောမန့်တစ်ခု အနေနဲ့လုပ်လိုက်တာ။ ဒါမှကမ္ဘာကသိမယ်” ဟုတရားဆွဲခံရသူ ကိုသန့်ဇင်ထက် က ပြောသည်။

ဧပြီလ(၁၁)ရက်တွင် သဲကုန်းမြို့အပြင်ဘက် ရွှေကြိုးပင်နတ်စင်၌ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေများတွင် ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသူ စီးပွားရေးလုပ်ငန်းရှင် ဦးထိုင်ထိုင်၊ သဲကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ် သမဦးစီးမှူးတို့အား လယ်ယာမြေသိမ်းဆည်းခံရသူ လယ်သမားငါးဆယ်ကျော်က ကျိန်စာတိုက်ခဲ့သည်ဟု ၎င်းကပြောသည်။

ကျိန်စာတိုက်ခဲ့သူများဖြစ်သည့် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ငါးဦးကို သဲကုန်းမြို့နယ် လက်ထောက် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးက တရားလိုပြုလုပ်ကာ ဆွဲဆိုခဲ့သည်။ အမှုကို မြို့နယ်အထူးအာဏာရ တရားသူကြီးဦးဝင်းမြင့်က တာဝန်ယူစစ်ဆေးမည်ဖြစ်ပြီး လယ်သမားများ ဘက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လိုက်ပါဆောင်ရွက်မည်ဟုလည်း တရားဆွဲခံရသူများကပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက “ဗမာ့ ဓလေ့ထုံးတမ်းမှာလည်း မကျေနပ်တဲ့လူကို ကျိန်စာတိုက်တယ်ဆိုတာ ရှိတာပဲ။ အဲဒါနိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မထိခိုက်ဘူး။ ဒီလိုတရားဆွဲတာ မမှန်ကြောင်း ဥပဒေနဲ့ မညီကြောင်း ရုံးတော်ကို လျှောက်လဲသွားမယ်” ဟုပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ (၁၁၅၉.၅၅)ဧကကို ၂ဝဝ၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကား သမဝါယမအသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ(၁၁)ရက်တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲခြင်းခံခဲ့ရပြီး ယခုလက်ရှိ အောင်ကုန်း ကျေးရွာ ဒေါ်မုန်း၏ နေအိမ်တွင် ယာယီသပိတ်စခန်းဖွင့် ဆန္ဒပြလျှက်ရှိသည်။

ကျိန်စာတိုက်ပွဲအား သပိတ်စခန်း(၂)လပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဧပြီလ(၂၂)ရက်ကလည်း အောင်ကုန်းရွာ သုသာန်တွင် လယ်သိမ်းသူ အင်းမစစ်တပ်၊ လယ်ယာမြေအား လက်ရှိလုပ်ကိုင်နေသူ ၊ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့အား ရည်စူးပြီး အခေါင်းသုံးခုကို မီးရှို့ခဲ့သေးသည်။

Mizzima Burmese
Image: Irrawaddy