တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်များ အားလုံး မီးသတ်ဆေးဘူး တပ်ဆင်ရမည်

ပို့စ်တင်ချိန် - 5/06/2014 04:14:00 PM


မန္တလေး၊ မေ ၅

ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ပါက မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ရန် တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် အမျိုးအစားများအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န) တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောကြားသည်။

မော်တော်ယာဉ်များတွင် သတ်မှတ်ထားသည့် ယာဉ်အမျိုးအစားအလိုက် တပ်ဆင်ထားမှု ရှိမရှိကို က.ည.န ရုံးတွင် လိုင်စင်သက်တမ်းတိုး လာရောက် ဆောင်ရွက်သည့် အချိန်တွင် စစ်ဆေးမည် ဖြစ်ပြီး တပ်ဆင်ထားခြင်း မရှိသည့် မော်တော်ယာဉ်များကို သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အဝေးပြေး ကားတွေမှာ မီးသတ်ဆေးဘူးတွေ တပ်ဆင်မှု ရှိမရှိ ဆိုတာကို အဝေးပြေးကား ထွက်ချိန်တွေမှာ တံခွန်တိုင် အဝိုင်းကနေ စောင့်ပြီး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်မယ်။ တပ်ဆင်မှု မရှိတဲ့ ယာဉ်လိုင်းတွေကို အဆင့်ဆင့် အရေးယူ အပြစ်ပေးမှာပေါ့။ ရှောင်တခင် စစ်ဆေးမှုတွေကို မေလ ပထမပတ်ကနေ စပြီး အကောင်အထည်ဖော်မယ်” ဟု တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။

မော်တော်ယာဉ် အမျိုးအစားအလိုက် တပ်ဆင်ရမည့် မီးသတ်ဆေးဘူးများမှာ Salon, Jeep, Pick up, Station Wagon, Micro Bus အမျိုးအစားများတွင် 1Kg တစ်လုံး၊ Mini Bus, Light Truck, Light Van အမျိုးအစားများတွင် 2Kg တစ်လုံး၊ Truck, Van, Container, Carrier, Other အမျိုးအစားများတွင် 3Kg တစ်လုံး၊ Tanker တွင် 3Kg နှစ်လုံးနှင့် City Bus, Express Bus အမျိုးအစားများတွင် 3Kg နှစ်လုံး တပ်ဆင်ရမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

လက်ရှိ ဈေးကွက်အတွင်း မီးသတ်ဆေးဘူး ပေါက်ဈေးများအရ 1Kg တစ်ဘူးလျှင် ၁၃,၀၀၀ ကျပ်၊ 2Kg တစ်ဘူးလျှင် ၁၈,၀၀၀ ကျပ် ဖြစ်ပြီး 3Kg တစ်ဘူးလျှင် ၂၀,၀၀၀ ကျပ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly