ဗန်ဂါးလ် တာဝန်ယူ ချိန်၌ ယူနိုက်တက်မှ ကစားသမား အတော်များများကို ရှင်းထုတ်ဖွယ်ရှိ

ပို့စ်တင်ချိန် - 5/06/2014 11:07:00 AM


မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးကို တာဝန် စယူချိန်၌ လူးဝစ်ဗန်ဂါးလ် အနေဖြင့် အသင်းမှ ကစားသမား အတော်များများကို ရှင်းလင်းရန် စတင် လုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရသည်။

လတ်တလောတွင် ယူနိုက်တက် တာဝန် ရှိသူများနှင့် နယ်သာလန် လက်ရွေးစင် အသင်း၏ နည်းပြတို့ကြား ဆွေးနွေးမှုအရ မလိုအပ်သော ကစားသမားများကို ရှင်းထုတ်ရန် ဗန်ဂါးလ်၏ တောင်းဆိုမှုကို အသင်းက မီးစိမ်းပြ ထားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဗန်ဂါးလ်သည် ရာသီကုန်တွင် လက်ရှိ ယူနိုက်တက် ယာယီမန်နေဂျာ ရိုင်ယန်ဂစ်ထံမှ စီမံ ကိုင်တွယ်မှု အခွင့် အာဏာများကို လွှဲပြောင်းယူရန် အသင့် ရှိနေပြီဟု ယူဆရသည်။ ဂစ်အနေဖြင့် ဆန်းဒါးလန်းကို အိမ်ကွင်းတွင် (၁-၀)ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လာမည့်ရာသီ အသင်း၏ မန်နေဂျာသစ် အဖြစ် ခန့်အပ်ခံရမည် ဆိုသော ရေပန်းစားမှုလည်း ဆုတ်ယုတ်လျော့ကျ သွားခဲ့သည်။

ဗန်ဂါးလ်သည် အိုးလ်ထရက်ဖို့ဒ်သို့ ကစားသမားသစ်များကို အားဖြည့်ခေါ်ယူ သွားရန် အစီအစဉ် ရှိနေပြီး အသင်းကလည်း ပြောင်းရွှေ့စရိတ် ပေါင်စတာလင် သန်း(၂၀၀)မျှထိ ထောက်ပံ့ပေးသွားမည့် အလားအလာ ရှိနေသည်။ ဗန်ဂါးလ်သည် ယူနိုက်တက် လူစာရင်းတွင် လုပ်ခလစာ ပေးချေရမှုကို ပြန်လည်စိစစ်ပြီး ပိုလျှံနေသော ကစားသမားများအား ရောင်းချရန် စဉ်းစားထားသည်။ ထို့ကြောင့် အက်ရှ်လေယန်း၊ လူးဝစ်နာနီ၊ ဒါရင်ဖလက်ချာ၊ ရီယိုဖာဒီနန်၊ ဟာဗီးယား ဟာနန်ဒက်ဇ် အစရှိသည့် ကစားသမား အများအပြား၏ အနာဂတ်သည် ရေရာမှု မရှိတော့ချေ။ ယူနိုက်တက် ဝါရင့်ခံစစ်မှူး ပက်ထရစ် အီဗရာကလည်း ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရမှုတွင် ကစားသမားများက အဓိက တာဝန်ရှိခဲ့ကြောင်း ဝန်ခံထားခဲ့သည်။

ရလဒ်ဆိုးများကြောင့် မိုယက်စ်ကို အသင်းက ထုတ်ပယ်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ပြင်သစ်လက်ရွေးစင် အီဗရာက “ဒါက မန်နေဂျာနဲ့ မဆိုင်ဘူးဗျ။ ကစားသမား အားလုံးက ခွဲဝေတာဝန်ယူရမယ့် ကိစ္စပါ။ လူငယ်ကစားသမားတွေဖြစ်ဖြစ်၊ စီနီယာတွေဖြစ်ဖြစ် တူတူပါပဲ။ ဒီရာသီမှာ အားလုံးပဲ အကျပိုင်း ရောက်နေခဲ့တယ်။ မိုယက်စ်က အဓိက ဦးဆောင်သူ ဖြစ်ခဲ့ရင်တောင် တာဝန်က ကျွန်တော်တို့ အားလုံးဆီမှာလည်း ရှိနေတယ်။ ကျွန်တော်တို့က ကွင်းထဲမှာ ဝင်ကစားနေကြတာလေ။ ဆာအဲလက်စ် ဖာဂူဆန်ဆိုတာ ယူနိုက်တက်ရဲ့ အသည်းနှလုံးပါ။ သူ့နေရာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အစားထိုးလို့ မရနိုင်ပါဘူး။ ဒါဟာ ခက်လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမဲ့ ဒီလို ပုံစံမျိုး ခက်နေရမှာ မဟုတ်ဘူး။ လက်ရှိ ကစားနေတာထက် ပိုကောင်းအောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါတယ်။ နောက်ဆုံး ချန်ပီယံ မဖြစ်ဦးတော့၊ ကျွန်တော်တို့မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်လောက်တော့ ရနိုင်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုလောက်သာလို့ပဲ သဘောထားချင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်တော့မှ မသေဆုံးဘူးဆိုတာ ကျွန်တော်သိတယ်။ တစ်ကြိမ်အခြေအနေ ဆိုးပြီးရင် နောက်နှစ်မှာ ကျွန်တော်တို့ ပြန်လာမှာပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar