လေထဲဝဲလာသည့် အိမ်သာကမုတ် ထိမှန်ပြီး ဘောလုံးပရိသတ် သေဆုံး

ပို့စ်တင်ချိန် - 5/06/2014 05:06:00 PM


ဘိလပ်မြေသားဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ အိမ်သာအစိတ်အပိုင်း ထိမှန်ပြီး လူတစ်ဦး သေဆုံးကြောင်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့

ဘောလုံးကွင်းထဲတွင် အရာဝတ္ထု တစ်ခုခု ထိမှန်သဖြင့် ပရိသတ်များ ထိခိုက်အနာတရ ဖြစ်ခဲ့သည့် သတင်းမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ ဆိုသော်လည်း အဆန်းတကြယ် အခြေအနေမျိုးဟု ဆိုနိုင်မည် မဟုတ်ချေ။ သို့သော်လည်း ဘရာဇီးလ် ဒုတိယတန်း ဘောလုံးပွဲစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုမှာမူ မျက်လုံးပြူးလောက်စရာ ဖြစ်သည်။ ဘောလုံးကွင်း ပွဲကြည့်စင်တွင် အားပေးနေသည့် ပရိသတ် တစ်ဦးသည် လေထဲလွင့်ပျံလာသည့် အရာဝတ္ထုတစ်ခု တိုက်ရိုက်ထိမှန်ကာ သေဆုံးခဲ့သည်။

၎င်းကို ထိမှန်သည့် အရာဝတ္ထုမှာ အိမ်သာကမုတ်တစ်ခု ဖြစ်နေကြောင်း သိရသည်။ ဘိလပ်မြေသားဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ အိမ်သာအစိတ်အပိုင်း ထိမှန်ပြီး လူတစ်ဦး သေဆုံးကြောင်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းသည် ဆန်တာခရုဇ်နှင့် ပါရာနာတို့ ကစားသောပွဲတွင် လာရောက်အားပေးသည့် ပါရာနာ ပရိသတ် တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေသူအမည်ကို ပေါ်လိုရီကာဒိုဂိုမက်ဇ် ဒါဆေးလ်ဗားဟု ကြေညာသည်။

ထိုဖြစ်ရပ်နောက်ပိုင်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ဆန်တာခရုဇ်၏ အိမ်ကွင်းပွဲစဉ် ကစားခွင့်ကို တရားရုံး စိစစ်ဆုံးဖြတ်ချက်များ မပြီးမချင်း ဆိုင်းငံ့ထားလိုက်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ယင်းပွဲစဉ်တွင် ရဲများက ပါရာနာအသင်း ပရိသတ်များအား ပြဿနာတစ်စုံတစ်ရာ မရှိအောင် အတန်ငယ်စော၍ အိမ်ပြန်ကြရန် တိုက်တွန်းခဲ့သော်လည်း အိမ်ခံအသင်း၏ လူရမ်းကား ပရိသတ်အချို့က ရမ်းကားတိုက်ခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network