ထိုင်း မြန်မာ နယ်စပ် ချင်းမိုင် မြို့အနီး ကိုဗဟိုပြု၍ အင်အား ၆.၀ မဂနီကျူ့ ရှိ အင်အားအသင့်အတင့်ပြင်းထန်သော ငလျင်လှုပ်ခတ်

ပို့စ်တင်ချိန် - 5/06/2014 08:17:00 AM





ယနေ့ မေလ ၅ ရက် တနင်္လာနေ့ ညနေပိုင်း ဒေသ စံတော်ချိန် ၅ နာရီ ခွဲခန့်တွင် ထိုင်းနိုင်ငံမြောက်ဘက်ပိုင်းကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သော အင်အား ၆.၀ မဂနီကျူ့ရှိ အင်အားအသင့်အတင့်ရှိငလျင်ကြောင့် ထိုင်း နိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်းပိုင်းတွင် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ရပြီး အပျက်အစီးအနည်းငယ်ဖြစ်ပေါ်ခဲ့ရသည်။

ငလျင်ဗဟိုချက်နှင့်နီးကပ်စွာ တည်ရှိခဲ့သည့် ချင်းမိုင်မြို့ရှိလေဆိပ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူများ ဘေးကင်းရာသို့ ပြေးလွှားခဲ့ရသည်။ လေဆိပ် အဆောက်အဦး၏ မျက်နှာကျက်အချို့ အက်ကွဲကာ ပြုတ်ကျမှုများဖြစ်ပေါ် ခဲ့သော်လည်း လေယဉ်ပြေးလမ်းနှင့် အခြားသော လေယဉ်ကွင်း၏အရေးကြီးအစိတ်အပိုင်းများပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ချင်းမိုင်လေဆိပ် တာဝန်ခံ ဒမ်ရွန် ကရွန်ဂါကာရာ ကပြောသည်။ ချင်းမိုင်လေဆိပ်အတွင်းမှာတော့ တစ်ဦး တစ်ယောက်မှ ထိခိုက်ဒါဏ်ရာရခြင်းမရှိသော်လည်း လေဆိပ် ပင်မအဆောက်အအုံ၏ မျက်နှာကျက်များမှာ အက်ကွဲကြောင်းများဖြစ်ပေါ်လျက်ရှိကာ ပြုတ်ကျလာနိုင်သည့် အခြေအနေရှိကြောင်း ဒမ်ရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။
ချင်းမိုင်မြို့အတွင်းမှာတော့ နေအိမ်များ၏ ပြတင်းပေါက်များကွဲအက်ခြင်းနှင့် အချို့အဆောက်အဦးများ၏ နံရံများကွဲအက်မှုများဖြစ်ပေါ်ခဲ့သော်လည်း လမ်းမကြီးများ ကြီးကြီးမားမားပျက်စီးခြင်းမရှိဟု ချင်းမိုင်မြို့ခံတစ်ဦးဖြစ်သူ ၀မ်ဒါရမ်ချိုပို က ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီးပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် ရန်ကုန်တွင်လည်း လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး အချို့အထပ်မြင့်တိုက်ပေါ်မှ လူများ လမ်းမများနှင့်ဘေးလွတ်ရာသို့ ပြောင်းထွက်ခဲ့မှုများရှိခဲ့သည်။ "ကျွန်မ ပလက်ကုလားထိုင်မှာထိုင်နေတုန်း ထိုင်ခုန်ကို တစ်ယောက်ယောက်လာလှုပ်သလိုဖြစ်လာလို့ ဘေးနားက ရေသန့်ဘူးကိုလှမ်းကြည့်တော့ ရေတွေကလှုပ်နေတယ် ၊ ဒါနဲ့ ကျွန်မလည်း တိုက်အောက် ကိုပြေးဆင်းခဲ့တယ်" ဟု ရန်ကုန်မြို့ တာမွေမြို့ခံတစ်ဦးက ငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး သူမ၏ အတွေ့အကြုံကိုပြောကြားခဲ့သည်။ ရန်ကုန်မြို့နည်းတူ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင်လည်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများယိမ်းထိုးလှုပ်ခါမှုများဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးစခန်း၏ထုတ်ပြန်ပေးချက်အရ ငလျင်ဗဟိုမှတ်သည် ထိုင်းနိုင်ငံ မဲ့လို မြို့၏ တောင်ဘက် ၆ မိုင်အကွာနှင့် ချင်းရိုင်မြို့၏ အနောက်တောင်ဘက် ၁၇ မိုင် အကွာအဝေးကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


Eleven Media Group