ရင်သွေးယူဖို့ သိပ်မဝေးတော့ပါဘူးလို့ဆိုလာတဲ့ သံသာဝင်း

ပို့စ်တင်ချိန် - 3/13/2014 10:04:00 AM


အနဂ္ဂ နဲ့ သံသာဝင်းတို့ရဲ့ အိမ်ထောင်သက်တမ်းက တစ်နှစ်ကျော် ကာလထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ချစ်သူ ဘဝထက် စာရင်တော့ အိမ်ထောင်သည် ဘဝကတော့ ခင်ပွန်းဖြစ်သူအပေါ်မှာ ဇနီးတစ်ယောက် အနေနဲ့ တာဝန်သိရတာမျိုးတွေတော့ ပိုလာတယ်လို့ သံသာဝင်း ကပြောပါတယ်။

အိမ်ထောင်သက် ၁နှစ်ကျော်ကာလ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အိမ်ရဲ့ ဆည်းလည်းလေးလို့ တင်စားခေါ်ဝေါ် ကြတဲ့ ရင်သွေးကိစ္စ ကိုလည်း ပရိသတ်တွေက သိချင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ရင်သွေးလေး ယူတော့မလားလို့ သံသာဝင်းကိုမေးတော့

“ဒီလို အချိန်ရောက်လာတဲ့အခါမှာ တော်တော်များများက မေးကြပါတယ်။ ကလေး မယူသေးဘူးလားပေါ့။ အစ်မတို့ အနေ နဲ့ မင်္ဂလာဆောင် ပြီးပြီးချင်းတော့တန်းပြီးကလေးယူမယ်လို့ နှစ်ယောက်စလုံး မစဉ်းစားထားကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်စရာလေးတွေ ကျန်သေးလို့လေ။ ကိုအနဂ္ဂက ကလေးတအားချစ်တော့ တစ်ချိန် လုံး ပြောတယ်။ အစ်မလည်း စဉ်းစားပါတယ်။ ယူတော့ ယူဖြစ်တော့မယ်။ သိပ်တော့ မဝေးတော့ဘူး။ ဘယ်တော့ ဆိုတာမျိုး ပုံသေကားချပ်ကြီးနဲ့တော့ ကြိုပြီးမပြောဘူး” လို့ ပြောပါတယ်။

အိမ်ထောင်သက်တမ်း ၁နှစ်ကျော် အတွင်းမှာ အိမ်ထောင်တစ်ခု ရေရှည် တည်တံ့နိုင်ဖို့ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာမိနေပြီ လဲလို့ မေးတော့

“အိမ်ထောင် တစ်ခုရပ်တည်ဖို့ဆိုတာ အကုန်လုံး ပါပါတယ်။ ယောက်ျားကလည်း ယောက်ျား အလျောက် တာဝန်ယူရတဲ့အပိုင်း၊ မိန်းမကလည်း မိန်းမ အလျောက် တာဝန် ယူရတဲ့ အပိုင်းက တအား အရေးကြီးပါတယ်။ ပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းမှု အပိုင်းကလည်း အရေးကြီး ပါတယ်။ အဓိကကတော့ သား၊ သမီးတွေ ရှိလာပြီဆိုရင် တည်မြဲဖို့ကပိုအရေးကြီးတယ်။

သားသမီးရှိလည်း အိမ်ထောင်ကွဲသွားတယ်ဆိုတာမျိုးက ကိုယ့်နှစ်ယောက်တည်းဆိုရင် သိပ်မသိသာပေမယ့် သားသမီး နဲ့ ကျရင် ကလေးတွေကို အများကြီး effect ရှိတယ်။ အိမ်ထောင်ကွဲသား သမီး တွေဆိုရင် သူတို့တွေမှာ ငယ်ငယ်ကတည်း ကအားငယ်တဲ့ စိတ်တွေ ရှိတယ်။ သားသမီး ရှိလာရင်တော့ ကိုယ့်စိတ် တစ်ခုတည်း နဲ့မရတော့ဘူး။ သားသမီး စိတ်နဲ့ပဲလုပ် မှရမယ်။ တစ်ယောက် နဲ့တစ်ယောက် က နားလည် မှုရော၊ ညှိနှိုင်းမှုရောလိုတယ်။

နောက်ပြီး အရှိကို အရှိတိုင်းလည်း မြင်ဖို့လိုတယ်။ ကိုယ့်အိမ်ထောင် က ဘယ်ဘက်ကို ဦးတည်နေပြီလဲ ဆို တာမျိုး ပေါ့။ ကိုယ်လိုအပ် တာ တွေလည်း အများကြီး ရှိနိုင်သလို သူလိုအပ်ရင်လည်း ကိုယ် ကနားလည်အောင် ပြောပြတတ်ရမယ်။ တစ်ယောက် နဲ့တစ်ယောက် ပွင့်လင်းဖို့ တော့ လိုတယ်။ သူ့စိတ်၊ ကိုယ့်စိတ် သိဖို့ ကနားလည်မှု ထက်ပိုပြီးမြင့်သွားတယ်” လို့ပြောပြပါတယ်။

လင်းအက္ခရာ
Popular Journal