ထောင်ဒဏ်များ ထက်ဝက်လျှော့၍ စီတန်းလှည့်လည်ခွင့် ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု

ပို့စ်တင်ချိန် - 3/06/2014 11:08:00 AM

နေပြည်တော်၊ မတ် ၅

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို အဓိက ဖမ်းဆီး ထောင်ချလျက် ရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ နှင့် ထောင်ဒဏ် ချမှတ်နိုင်သော ပြစ်မှုပုဒ်မများမှ သတ်မှတ် ထောင်ဒဏ်နှစ်များကို ထက်ဝက် လျှော့ချ၍ ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ ဥပဒေ၏ ပုဒ်မ (၁၇) ပါ ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ပုဒ်မ (၁၈) ပါ ပြစ်မှု ကျူးလွန်လျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ပုဒ်မ (၁၉) ပါ ခြောက်လထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်ကို သုံးလထက် မပိုသော ထောင်ဒဏ်ဆိုသည့် စကားရပ်များဖြင့် အစားထိုး ပြင်ဆင်ကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

မူလ ပြဋ္ဌာန်းထားသည့် ဥပဒေ ပုဒ်အမ (၂) ပါ ပြဋ္ဌာန်းချက်ဖြင့် လုံလောက်နေပြီ ဖြစ်သောကြောင့် ပုဒ်မ ၃၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊၂၁ နှင့် ပုဒ်မ ၂၂ တို့ကို ပယ်ဖျက်လိုက်ပြီး အခန်း (၄) ခေါင်းစဉ်ပါ “ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း” ဟူသည့် စာသားတွင် “ငြင်းပယ်ခြင်းကို” ပယ်ဖျက်လိုက်ပြီး “ခွင့်ပြုမိန့် ထုတ်ပေးခြင်း” ဟု ပြင်ဆင်လိုက်ကြောင်း ၎င်းကဆိုသည်။

“ဆန္ဒပြဖို့အတွက် လျှောက်လွှာတင်ရင် ခွင့်ပြုပေးရဖို့ များနေတာက ပြင်ဆင်မှုရဲ့ အဓိက အကောင်းဆုံးချက်ပဲ။ ခွင့်မပြုဘဲ ငြင်းပယ်ရင် သက်ဆိုင်ရာက အကြောင်းပြချက် ခိုင်လုံရမယ်လို့ ဥပဒေမှာ ပါလာပြီ ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ဆန္ဒပြရန် ခွင့်တောင်းပါက အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးအတွက် ပြဌာန်းထားသည့် ဥပဒေနှင့် ဆန့်ကျင်မှု မရှိလျှင် ဆန္ဒပြခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နည်းဥပဒေမှာ အခွင့်အရေး တင်းကြပ်မှု ရှိ မရှိ ကြည့်ရမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ရန် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစားများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအောင်ကိုက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly