စစ်ဖြစ်ခဲ့ပါက တိုက်ပွဲ ဝင်နိုင်ရန် ယူကရိန်း လူငယ်ပေါင်း များစွာ တပ်သားသစ် အဖြစ် ဝင်ရောက်

ပို့စ်တင်ချိန် - 3/06/2014 10:17:00 PM


ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တင်းမာမှုများ အရှိန်အဟုန် မြင့်တက် လာခဲ့ခြင်းကြောင့် ယူကရိန်း နိုင်ငံသား လူငယ်ပေါင်း များစွာသည် စစ်မှု ထမ်းဆောင်ရန် ကိယက်ဗ်မြို့ အတွင်းရှိ တပ်သားသစ် စုဆောင်းရေး ဌာန တစ်ခုတွင် အမည်စာရင်း သွင်းနိုင်ရန် တန်းစီလျက် ရှိသည်ဟု သိရသည်။

လက်ရှိတွင် ယူကရိန်းနှင့် ရုရှားတို့ အကြား အခြေအနေ တင်းမာ လာမှုကြောင့် စစ်ပွဲ ဖြစ်ခဲ့ပါက လက်နက်များ ကိုင်ဆောင်၍ အသင့်တိုက်ပွဲ ဝင်နိုင်ရန် တပ်သားသစ် အမည်စာရင်း သွင်းရခြင်း ဖြစ်ကြောင်း အသက် ၃၃ နှစ်အရွယ်ရှိ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ရိုမန်ဆာ ဇီကော့ဗ်က ပြောကြားသည်။

ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ရုရှားတို့ သိမ်းပိုက် ထားမှုသည် ယူကရိန်း နိုင်ငံ အရေးတွင် ရုရှား နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုကို သိသာ ထင်ရှားစေကြောင်း၊ ယူကရိန်း နယ်မြေပေါ်တွင် ယင်းကဲ့သို့ ကျူးကျော် ဝင်ရောက်မှုမှာ မဖြစ်သင့်ကြောင်း၊ အကယ်၍ စစ်ပွဲ ဖြစ်ခဲ့ပါက နိုင်ငံကို ကာကွယ်ရန်မှာ မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တိုက်ပွဲ ဝင်နိုင်ရန် တပ်သားသစ် အမည်စာရင်း သွင်းရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတွင်းရှိ လူငယ် ၁ဝ သန်းခန့်မှာလည်း လက်နက်ကိုင် တိုက်ပွဲဝင်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း ဆာဇီကော့ဗ်က ထပ်လောင်း ပြောကြားသည်။