ကော့သောင်းတွင် ဘင်္ဂါလီများ ဖမ်းမိ

ပို့စ်တင်ချိန် - 3/06/2014 11:09:00 AM




ကော့သောင်း၊ မတ် ၅

မြန်မာပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ခုနှစ်ဦးကို ကော့သောင်းမြို့နယ် ချောင်းစလန်း ကျေးရွာတွင် မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်က ဖမ်းဆီး ရမိခဲ့ကြောင်း ချောင်းစလန်း ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုးက ပြောကြားသည်။

ဘင်္ဂါလီများကို မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ကော့သောင်းဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်မှ လာပို့မည်ဟု သတင်း ရထားသောကြောင့် တပ်မတော်နှင့် ကျေးရွာ တာဝန်ရှိသူများ ကင်းလှည့် ရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ နံနက်ပိုင်းတွင်မှ ယင်းဘင်္ဂါလီလူမျိုး ခုနှစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ဆိုသည်။

ဘင်္ဂါလီများသည် ကမ်းပေါ်သို့ စတင် တက်ရောက်လာပြီးနောက် မွတ်ဆလင်ရွာ ရှိသည့် နေရာနှင့် ကော့သောင်းမြို့သို့ သွားရာ လမ်းတို့ကို မေးမြန်းခဲ့ကြောင်း ယင်းကျေးရွာမှ ဥယျာဉ်ခြံ လုပ်ငန်းရှင် ဦးထွန်းလင်းက ပြောကြားသည်။

မလေးရှား နယ်စပ်သို့ ရေကြောင်းမှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၇၀ ဦးကို ထိုင်းရေပိုင်နက် အရောက်တွင် ထိုင်းရဲများက ဖမ်းမိခဲ့ပြီး ယင်းတို့အနက် ငွေကြေး ပေးနိုင်သူများကို မလေးရှားသို့ ပို့လွှတ်လိုက်ကြောင်း၊ ငွေမပေးနိုင်သော ခုနှစ်ဦးမှာ မြန်မာပြည်တွင်း ဝင်လာရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းမိသူများက အစစ်ခံခဲ့ကြောင်း ဘင်္ဂါလီများကို စစ်ဆေးခဲ့သည့် အဖွဲ့များထံမှ သိရသည်။

“သူတို့ ပြောတာတော့ ကျန်တဲ့သူတွေကို မလေးရှား နယ်စပ်ကို ပြန်ခေါ်သွားတယ် ဆိုပေမယ့် မသေချာသေးတော့ ကျန်တဲ့သူတွေ ကော့သောင်းမြို့ တစ်နေရာရာမှာ ရှိနေမလား၊ မရှိနေဘူးလား ဆိုတာ ကိုမသိရတဲ့ အတွက် ပါချန်မြစ် တစ်လျှောက်မှာ ရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လမ်းဆုံ လမ်းခွတွေမှာ လိုက်ရှာပေမယ့် ညနေ သုံးနာရီအထိ ဘာမှ မထူးဘူး” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဖမ်းမိဘင်္ဂါလီများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိကြောင်း ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့ကို မေးမြန်းရာ ၎င်းတို့ ကိုယ်တိုင်ပင် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဖမ်းမိ ဘင်္ဂါလီများနှင့်လည်း သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းခွင့် မရသေးပေ။
The Voice Weekly