ဟောင်ကောင်သို့ အိမ်အကူလုပ်ကိုင်ရန် သွားရောက်သူများတွင် စာတမ်းပြုစုသူများနှင့် တက္ကသိုလ်ဘွဲ့ရ ၂၀ ကျော်ခန့်ပင် ပါဝင်နေ

ပို့စ်တင်ချိန် - 3/06/2014 09:29:00 AM



ဟောင်ကောင်တွင် အိမ်အကူလုပ်ကိုင်ရန် သင်တန်းတက်ရောက် နေရသူများကို တွေ့ရစဉ်

ဟောင်ကောင်သို့ အိမ်အကူ သွားရောက်လုပ်ကိုင်ရန် တရားဝင်စေလွှတ်ခြင်း ခံရသည့် မြန်မာအမျိုးသမီးများထဲတွင် မဟာဘွဲ့ရယူရန် စာတမ်းပြုစုနေသူများနှင့် ဘွဲ့ရဦးရေ ၂၀ ကျော်ခန့် ပါဝင်နေကြောင်း ပထမဆုံး မြန်မာအိမ်အကူ စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားသည့် Gold Mine Inter-national Co.,Ltd မှ တာဝန်ရှိသူများက ပြောကြားသည်။

မတ် ၅ ရက်က အဆိုပါကုမ္ပဏီတွင် ပြုလုပ်ခဲ့သော စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တချို့ဆို စာတမ်းပြုစုနေတဲ့သူတောင် ပါတယ်။ ဒါပေမဲ့ မိဘက ပညာရေးကို ဆက်လက်မထောက်ပံ့နိုင်တော့တာကြောင့် သူကလည်း ကိုယ့်ထူးကိုယ်ချွန်ပြီး အလုပ်လုပ်မယ်ဆိုပြီး ဒီလိုလာလုပ်တာလို့ ပြောပါတယ်။ သူ့အတွက် ဒီမှာက ငွေကြေးပမာဏ (တစ်လလျှင် ငါးသိန်းကျော်) အဲဒီလောက် မရနိုင်ဘူးလေ” ဟု Gold Mine Inter-national Co.,Ltd ၏ အိမ်အကူသင်တန်း ဒါရိုက်တာ ဦးဘုန်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်၌ ဟောင်ကောင်တွင် တရားဝင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူ ၁၉ ဦး ရှိနေပြီဖြစ်ပြီး ခုနစ်ဦးမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ကာ အိမ်အကူ သွားရောက်လုပ်ကိုင်ရန် သင်တန်းတက်နေသူ ၇၀ ခန့်ရှိပြီး ယင်းအထဲမှ ၂၀ ခန့်မှာ တက္ကသိုလ်များမှ မေဂျာစုံ ဘွဲ့ရများဖြစ်ကြောင်း Gold Mine International Co.,Ltd မှ General Manager ကိုသန့်ဇင်ဦးက ပြောကြားသည်။

“ဘွဲ့ရတွေ ပါမှာပဲလေ။ Job Opportunities မှမရှိဘဲ။ နောက်ပြီး တစ်ခြားနိုင်ငံတွေလို တက္ကသိုလ်မှာ ဘွဲ့ရတာနဲ့ အလုပ်တန်းခေါ်တာမျိုး ဘယ်လုပ်ငန်းရှင်မှလည်း မလုပ်ကြသလို တက္ကသိုလ်တွေကလည်း အသုံးချပညာရပ်အဖြစ် သင်ပေးနိုင်မှု အားနည်းတယ်။ ငွေကြေးက အရေးပါနေတော့ အသက်ရှင်ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာယှဉ်လာရင် လူက အသက်ရှင်ရပ်တည်မှုကိုပဲ ရွေးမှာပေါ့။ အဲဒီ အိမ်ဖော်လစာက မြန်မာပြည်က ညွှန်မှူးလစာထက်လည်း များတယ်။ ပါချုပ်လစာထက်လည်းများတယ်။ ဆရာ၊ ဆရာမ လစာထက်လည်း များတယ်လေ” ဟု ဒဂုံတက္ကသိုလ် ဆရာများအသင်းဥက္ကဋ္ဌ ဒေါက်တာလှမိုးသူက ဝေဖန်ပြောကြားသည်။


Written by: သက်မင်း
EMG