မြောက်ကိုရီးယားနှင့် စစ်ရေး ပတ်သက်မှုမရှိဟု မြန်မာအစိုးရ ပြော

ပို့စ်တင်ချိန် - 3/06/2014 06:52:00 PM


မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံကနေ လက်နက်ဝယ်ယူနေတယ်လို့ အမေရိကန် ပြည်ထောင်စုကာကွယ်ရေး ၀န်ကြီးဌာနရဲ့ စွပ်စွဲချက်အပေါ် မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။

၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ရိုက်တာ)

မြန်မာက မြောက်ကိုရီးယားနဲ့ ဝေးဝေးနေဖို့ ကြိုးစားနေပေမယ့် လက်နက်ဖောက်သည် ဖြစ်နေတုန်းပဲလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ကွန်ဂရက်ကို မတ်လ ၅ ရက်နေ့ မှာ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။
“မြောက်ကိုးရီးယားရဲ့ စစ်ရေး စွမ်းရည်ဆိုင်ရာ အစီရင်ခံစာ”မှာ ဖော်ပြရေးသားချက်ဖြစ်ပြီး ဒီဖော်ပြချက်အပေါ် သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ငြင်းဆိုလိုက်တာပါ။
“မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးကလွဲပြီးတော့ စစ်ရေးအရ ဆက်ဆံမှု မရှိတော့ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးလည်း လိုက်နာဆောင်ရွက်နေတယ်။ အဲဒါကို ခေါင်းဆောင်အချင်းချင်း တွေ့တဲ့အခါမှာရော၊ အခြားအဆင့်မြင့်အရာရှိတွေနဲ့ တွေ့တဲ့အခါမှာရော ဒါကို ကျနော်တို့ဘက်က အကြိမ်ကြိမ်ပြောပြီးပြီပေါ့။ ခင်ဗျားပြောတဲ့ အစီရင်ခံစာမှာ အတိအကျ ဘာတွေ ပါသလဲ၊ စကားလုံး အသုံးအနှုန်းက ဘယ်လိုလဲဆိုတာကို ကျနော်တို့ မတွေ့ရတဲ့ အတွက်ကြောင့်မို့လို့ အသေးစိတ်တော့ မှတ်ချက် မပေးနိုင်ဘူး။ ”

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကွန်ရက်တွေကို အသုံးပြုပြီး လက်နက် ရောင်းဝယ်နေတယ်လို့ ဒီအစီရင်ခံစာက ရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြုပြင်ပြောင်းလဲရေးဖော်ဆာင်နေတဲ့ မြန်မာအစိုးရကို မြောက်ကိုးရီးယားကနေ လက်နက်ဝယ်ယူတာ ရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

အရင်ကလည်း မြောက်ကိုးရီးယားက မြန်မာကို ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပံ့ပိုးနေတယ်လို့ အမေရိကန်က သံသယရှိခဲ့ဖူးပါတယ်။

မနှစ်ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယားနဲ့ လက်နက်တွေ ဆက်ကုန်သွယ်မှုလုပ်နေတဲ့ အတွက် အမေရိကန်က မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တဦးနဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပါတယ်။

dvb