မြန်မာအိမ်ဖော် ၁၈ ဦး ဟောင်ကောင်သို့ ထပ်မံစေလွှတ်မည်

ပို့စ်တင်ချိန် - 3/06/2014 07:14:00 PM


မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ ဒုတိယအကြိမ်အဖြစ် အိမ်အကူ၁၈ ဦး ကိုထပ်မံစေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ အိမ်အကူ စေလွှတ်သည့်လုပ်ငန်းကို တရားဝင် ဆောင်ရွက်ခွင့် ရရှိထား သည့် Gold Mine ကုမ္ပဏီမှ ဦးဖုန်းမြင့်က ပြောသည်။

မတ်လ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Gold Mine ကုမ္ပဏီမှ ဦးဖုန်းမြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၂၄ ရက်မှာ အိမ်အကူ ၁၉ ဦး ဟောင်ကောင်ကို ပို့ပြီးပါပြီ။ ကျွန်တောတို့ ပိုတဲ့လူတွေက ဟောင်ကောင်ကို ရောက်ရောက်ချင်း အလုပ်ဝင်ရတာမျိုး မဟုတ်ပါဘူး။ ဟောင်ကောင်မှာရှိတဲ့ Gold Mine ကုမ္ပဏီမှာ သင်တန်း နှစ်ပတ် တက်ရပါသေးတယ်။ အဲဒီသင်တန်းမှာ Bus ကားစီးနည်း၊ ဈေးဝယ် နည်းအစရှိတဲ့ ပညာရပ်တွေ သင်ပေးမှာပါ။ အဲဒီမှာ မြန်မာဝန်ထမ်းတွေလည်း ရှိပါတယ်။

အခြေခံလစာအဖြစ် ဟောင်ကောင် ဒေါ်လာ ၄,၀၁၀၊(မြန်မာငွေကျပ် ငါးသိန်း နီးပါး) ရရှိပါတယ်။ ခရီးစဉ် စ-ဆုံး စရိတ်က အမေရိကန်ဒေါ်လာ ၁,၅၀၀ကုန်ကျမှာဖြစ်ပြီး ကုန်ကျစရိတ်ကို ကုမ္ပဏီကချေးငွေသဘော အဖြစ် ထုတ်ချေးပေးပါတယ်။ ဟောင်ကောင်မှာ အလုပ်လုပ်နေစဉ်အတွင်း တစ်လဒေါ်လာ ၂၀၀ နဲ့ ရှစ်လ တိတိ ပြန်လည်ဖြတ်တောက် သွားမှာပါ။ အလုပ်ချိန်က တစ်နေ့ကို ၁၀ နာရီ ပါ။ တစ်ပတ်မှာ ပိတ်ရက် ၁ ရက် ရရှိမှာ ဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

လက်ရှိတွင် ဟောင်ကောင်သို့ ပို့ဆောင်ရန် မြန်မာအမျိုးသမီး အယောက် ၆၀ကို သင်တန်းပေးလျက် ရှိသည်ဟု သိရသည်။၎င်းတို့အထဲတွင် မဟာဘွဲ့အတွက် ဘွဲ့လွန်တက်ရောက်နေသူ တစ်ဦးလည်း ပါဝင်နေပြီး၊ ပညာဆက်လက် သင်ကြားရန် အခက်အခဲရှိသဖြင့် အိမ်အကူအလုပ်ကို လာရောက်လျှောက် ထားခြင်းဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားများရေးရာ ကော်မရှင်၏ ၂၀၁၃ ခုနှစ် တိုင်းတာမူတစ်ရပ်တွင် ဟောင်ကောင်ရှိ အိမ်အကူများ၏ ၅၈ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာနိုင်ထက် စီးနင်းပြုကျင့်ခံရကြောင်း၊ ၁၈ ရာခိုင်နူန်းသည် ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမူနှင့် ခြောက်ရာခိုင်နှုန်းမှာ လိင်အလွဲသုံးစား ပြုကျင့်ခံရကြောင်း ဟောင်ကောင်အခြေစိုက် ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းက ဖေဖော်ဝါရီလ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ ဖူးသည်။

အိမ့်သဉ္ဇာဇင်
Mizzima Burmese