မကောင်းဆိုးဝါးတွေ အကြောင်းပြောပြီး ကလေးတွေပါတဲ့ ကားကို သမုဒ္ဒရာထဲ ထိုးမောင်းခဲ့တဲ့ မိခင်

ပို့စ်တင်ချိန် - 3/06/2014 03:58:00 PM




သီဟနိုင် on 2014-03-06 11:25  


ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ သူ့ရဲ့ ကလေး ၃ ယောက်ပါတဲ့ Honda Odyssey ကားကို အတ္တလန္တိတ်သမုဒ္ဒရာထဲ ထိုးမောင်းခဲ့ပါတယ်။ သူမဟာ မကောင်းဆိုးဝါးတွေ အကြောင်းပြောခဲ့တာ မှန်ပေမဲ့ ရဲတွေစစ်ဆေးကြည့်တော့လည်း အကောင်းအတိုင်း ပါပဲလို့ အာဏာပိုင်တွေက မေလ ၅ရက်နေ့မှာ ပြောခဲ့ပါတယ်။

Honda Odyssey အနက်ရောင်ကားဟာ လှိုင်းလုံးတွေကြား မြှုပ်တော့မှာမို့ အသက် ၉နှစ်နဲ့ ၁၀နှစ်ရှိတဲ့ ကလေးနှစ်ယောက်ဟာ သူ့တို့အသက်ရှင်ရေးအတွက် ကြိုးစားခဲ့ကြတယ် လို့ ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ ဘေးကမြင်သူတွေက ပြောပါတယ်။

မကောင်းဆိုးဝါးတွေ အကြောင်းပြောတဲ့ ကလေးအမေဟာ လှိုင်းလုံးတွေဆီ ကားကို ထိုးမမောင်းခင် အနောက်မှာ Tim Tesseneer ဆိုသူနဲ့ သူ့ရဲ့ ဇနီးဟာ ကားမောင်းနေခဲ့ပါတယ်။

“အမေဖြစ်သူရဲ့ ပေါင်ပေါ်ကနေ စတီယာရင်ကို လုယူဖို့ကြိုးစားနေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ ပြီးတော့ ရေပြင်နဲ့ ဝေးရာကို လမ်းကြောင်းပြောင်းနေခဲ့တယ်။ အနောက်မှာ ထိုင်နေတဲ့ ကလေးတွေက ‘ကယ်ပါဦး၊ ကယ်ပါဦး၊ မေမေ ငါတို့ကို သတ်နေတယ်’ လို့ အော်ဟစ်နေတယ်။” လို့ Tesseneer ကပြောပါတယ်။

ကမ်းခြေမှာ အပန်းဖြေနေတဲ့ သူတွေကလည်း ကလေးနှစ်ယောက်ရဲ့ အော်ဟစ် အကူအညီတောင်းသံကို ကြားကြတယ်။ သူတို့ဟာ ၉နှစ်နဲ့ ၁၀နှစ်သား ကလေးတွေကို အရင်ဆုံးဆွဲထုတ်ခဲ့တယ်။ နောက်တော့ ၃နှစ်သား ကလေးတစ်ယောက် တုပ်နှောင်ခံထားရတယ်ဆိုတာကို သိလိုက်ရတယ်။ တုပ်နှောင်ခံထားရတဲ့ ကလေးကိုလည်း ကမ်းခြေကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း အိုကေခဲ့တယ်။

အတ္တလန္တိတ် ထဲကို တစ်စတစ်စ နစ်နေတဲ့ မီနီဗမ် နားကို ဦးဆုံး ရောက်ရှိသွားသူတွေကတော့ Tesseneer နဲ့ တခြားသူ တစ်ယောက်ပေါ့။

“ကလေးတွေဟာ အော်ဟစ်နေတယ်။ ‘ကလေးတစ်ယောက်ဟေ့၊ ကလေးတစ်ယောက်’ လို့ Tesseneer ကပြန်ခေါ်ခဲ့တယ်။ အဲ့ဒီ့တော့ ကျွန်တော်လဲ ဗမ်ကားဆီ ပြန်ပြေးသွားတယ်။  ရေနစ်ရင်ကယ်ဖို့ အစောင့်ချထားတဲ့ အစောင့်နှစ်ယောက်လဲ ရောက်လာပြီး ၀ိုင်းကူကြတယ်။ ထိုင်ခုံမှာ တုပ်နှောင်ခံထားရတဲ့ ကလေးတစ်ယောက်ကိုလည်း ရှာတွေ့ပြီး ကယ်နိုင်ခဲ့တယ်။” လို့ Tesseneer နဲ့ တစ်ချိန်တည်းရောက်လာတဲ့ နောက်လူ တစ်ယောက်က ပြောပါတယ်။

မိခင်ဖြစ်သူဟာ Ebony Wilkerson လို့ သိရပါတယ်။ မီနီဗမ်ထဲကနေ ရေထဲခုန်ချသွားတာကိုလည်း တွေ့ရတယ်လို့ မျက်မြင်သက်သေတွေ ပြောပါတယ်။

“ပြူတင်းပေါက်ကနေ သူမ ဆင်းသွားတာ။ ယာဉ်မောင်း ပြူတင်းပေါက်ကနေ။ ခါးဝက်လောက် မြုပ်နေတဲ့ ရေထဲကိုပေါ့။” လို့ Tesseneer ကပြောပါတယ်။

ပြီးတော့ မိခင်ဖြစ်သူဟာ ကလေးတွေကို လုံးဝ အကူအညီမပေးဘဲ တစ်ယောက်ထဲ လမ်းလျှောက်ထွက်သွားတယ်။

Ebony Wilkerson ဟာ ကလေးတွေနဲ့ ရေထဲ ထိုးမမောင်းခင် နာရီအနည်းငယ် အလိုတုန်းက Wilkerson ရဲ့ညီမဖြစ်သူက 911 ကို ဖုန်းဆက်ခဲ့ပါတယ်။ Wilkerson ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသားဖြစ်သူဆီက ထွက်ပြေးလာခဲ့တာဖြစ်ပြီး မကောင်းဆိုးဝါးတွေ အကြောင်းပြောနေခဲ့တယ်လို့ ညီမဖြစ်သူက ပြောပါတယ်။

Ebony Wilkerson ဟာ ထူးထူးဆန်းဆန်းတွေ ပြုမူခဲ့တာ ဖြစ်ပေမဲ့ ထောင်ချဖို့ကျတော့လည်း အကြောင်းရှာမရဘူးလို့ ရဲတွေက ဆိုပါတယ်။
Ref:cbsnews.com

Trend