သတိထားစေချင်ပါတယ်

ပို့စ်တင်ချိန် - 3/06/2014 10:26:00 AM




ရက်ပိုင်းက လမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးကနေ “၀ုန်း” ဆိုတဲ့ ပေါက်ကွဲမှု နဲ့အတူ မှန်ကွဲစ တွေ လွှင့်စင်ကျလာတာကို မျက်မြင်တွေ့ခဲ့ရပါတယ်…။ ကားရဲ့ နောက်မှန်ကြီး တစ်ချပ်လုံး ကြေမွသွားပါတယ်…။ ကားပေါ်မှာ နဲ့ ဘေးဘီတွေမှာ လူရှိ မနေတာက ကံကောင်းပါတယ်…။ ပေါက်ကွဲမှုရဲ့ အသံဟာ သိပ်ပြီးကျယ်လောင်တာ မဟုတ်တာရယ်…၊ လူသွားလူလာနည်းတဲ့ လမ်းမှာဖြစ်တာရယ်…၊ ကားပိုင်ရှင်က ကားကို အိမ်ရှေ့ နေပူထဲရပ်ထားပြီး အိမ်ထဲမှာရှိနေတာရယ်ကြောင့် အနီးအနားက တချို့တွေလောက်သာ ဒီကိစ္စကို သိခဲ့ကြတာပါ…။ နောက်ပြီး ရိုးရိုးသာမန် အက်စီးဒင့်မို့ ဘယ်သူကမှ ဒီကိစ္စကို အထူးတလည် သဘောမထားခဲ့ကြပါဘူး…။

ကျနော်နဲ့ခင်မင်နေတာမို့ အနားကိုသွားပြီး လေ့လာကြည့်တော့ တစ်စစီကြေမွ ပျက်စီးပြီး ဖွာထွက်နေတဲ့ Leather Spray ဗူးကိုတွေ့ရပါတယ်…။ ဟုတ်ပါတယ်..၊ ကားရဲ့ နောက်ဘက် ဒက်ရှ်ဘုတ် မှန်အောက်မှာ မနက်က အနည်းငယ် အသုံးပြုပြီးသား Leather Spray ဗူးကို တင်ထားခဲ့ရာက နေရောင်တိုက်ရိုက်ထိမိပြီး အပူချိန်လွန်ကဲလာလို့ ပေါက်ကွဲခဲ့တာပါ…။ ကားပိုင်ရှင်ရဲ့ သမီးလေးဟာ အမြဲတမ်း ကားနောက်ခန်းထဲမှာ ဆော့နေတတ်ပေမဲ့ အခုဒီ spray ဗူးပေါက်ကွဲတဲ့ အချိန်မှာ ရှိမနေတာက ကံကောင်းလွန်းပါတယ်…။

ဒီတော့ ဒီဖြစ်စဉ်ကို အများနမူနာယူပြီး သတိထားစေချင်တာကြောင့် ဒီ post ကို ရေးတင်လိုက်တာပါ..။ အခုနောက်ပိုင်း ကားတွေကလည်း အသစ်တွေဖြစ်လာတယ်..၊ ကားနဲ့ ပတ်သက်တဲ့ Accessories တွေကလည်း ဆန်းသစ်များပြားလာပါတယ်..။ ဆန်းသစ်လာတဲ့ Accessories တွေကို အသုံးပြုသူတွေအနေနဲ့ သတိနဲ့ယှဉ်ပြီး အကျိုး နဲ့ အပြစ်ကို ခွဲခြားသိ နားလည်စေချင်ပါတယ်..။ အခုနောက်ပိုင်းဝင်လာတဲ့ ကားဘီး ပေါက်ခဲ့ရင် ဖြုတ်ပြီး ဖာစရာမလိုတော့သလို..၊ လမ်းခရီးမှာ မဖြစ်မနေ ခရီးဆက်ဖို့အတွက် လေပေါင် ၁၀ ကျော်ပါတဲ့ ဘီးဖာဆေးရည်တွေဈေးကွက်ထဲ ရောက်နေတာတွေ့ရမှာပါ..။ ဘီးပေါက်ခဲ့ရင် ဘားတိုင် ကနေ အဲ့ဒီဆေးရည်ကို ဖိနှိပ်ပြီးထည့်ရုံနဲ့ ဘီးလည်းဖားပြီးဖြစ်သလို လုံးဝပြားသွားတဲ့ ဘီးတောင်မှ လေပေါင် ၁၀ လောက်ရှိလာမှာမို့ ခရီးဆက်ချင်သပဆို ဆက်လို့ရတဲ့ Gas ပါတဲ့ ဆေးရည်မျိုးပါ…။ နောက်ပြီး Air Fresher တွေ..၊ တာယာ ပေါ့လစ်ဆေးရည်တွေ.. စတာတွေဟာ Gas ပါတဲ့အတွက်ကြောင့် သတိထားသုံးစေချင်ပါတယ်…။

အဲ့ဒီ Gas ပါတဲ့ ဗူးတွေမှာ သူတို့ကို အသုံးပြု ထားသိုရမယ့် လမ်းညွှန်တွေပါ ပါတယ်..။ အသုံးပြုပုံကို Directions ဆိုပြီး ဖော်ပြထားတတ်သလို..၊ သတိထား ထားသိုရမှာကိုတော့ Precautions ဆိုပြီး စသဖြင့် သတိပေးထားပါတယ်…။ အဲ့ဒီ ဗူးတွေကို အပူ(မီး)..၊ မီးတောက်..၊ မီးပွား စတာတွေနဲ့ ဝေးတဲ့နေရာမှာ ထားပါ…။ အေးတဲ့နေရာမှာ ထားသိုပါ..၊ ခြောက်သွေ့ တဲ့နေရာမှာ ထားပါ…၊ နေရောင်တိုက်ရိုက် ထိတွေ့တဲ့ နေရာမှာမထားပါနဲ့…၊ အပူချိန်(40°C, 35°C …) စသဖြင့် သတိပေးထား တတ်ပါတယ်…။ ဒီတော့ 40°C ဆိုရင် နွေရဲ့သိပ်ပူတဲ့ အချိန်ရယ်..၊ လှောင်ပိတ်နေတဲ့ ကားအတွင်းပိုင်းဆိုရင် အပူချိန်ပိုပြီး တဖြေးဖြေးမြင့် တက်လာတတ်တာကို သတိပြုရပါ့မယ်..။ နေရောင် တိုက်ရိုက် မထိနိုင်တဲ့နေရာတွေမှာ ထားသိုရမှာပါ…။ ဖြစ်နိုင်ရင် အသုံးပြုပြီး Air Fresher..၊ Leather Spray..၊ တာယာ ပေါ့လစ်ဆေးရည် စတာတွေ လက်ကျန်ရှိနေသေးရင် အိမ်မှာထားခဲ့တာက အကောင်းဆုံးဖြစ်မှာပါ..။ မဖြစ်မနေ ကားနဲ့ တစ်ပါးတည်းယူသွားမယ် ဆိုရင်တောင်မှ နေရောင် တိုက်ရိုက်မထိနိုင်တဲ့ နေရာမျိုးမှာ ထည့်သွင်းယူဆောင်သွားပါလို့ အကြံပြုရင်း….၊ အားလုံးသတိထားဆင်ခြင်နိုင်စေဖို့ တင်လိုက်တာပါ…။

အားလုံးသတိနဲ့ယှဉ်ပြီး အပြစ် နဲ့ အကျိုး ခွဲခြားသိနိင်ကြပါစေ လို့ ဆန္ဒပြုရင်း….

Ko Nay Myo
သတင်းဘုရင်