အာဇာနည်ခေါင်းဆောင်ကြီးများအား လာရောက်ဂါရဝပြုစဉ် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကိုရီးယားလူမျိုးများအတွက် အထိမ်းအမှတ်နေရာကို အာနည်ဗိမာန် ပရိဝုဏ်အတွင်းမှာ မဟုတ်ဘဲ ဆောက်လုပ် ခွင့်ပြုခြင်းမှာ မြန်မာတို့၏ စာနာထောက်ထားမှုကို ပြသခြင်းဖြစ်

ပို့စ်တင်ချိန် - 3/06/2014 03:59:00 PM


ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် အတွင်း ၁၉၈၃ခုနှစ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ က ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည် ခေါင်းဆောင်ကြီးများအား ရောက်ရှိ ဂါရ၀ပြုစဉ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် သေဆုံးသူများရှိခဲ့သည်။
မကြာမီက အဆိုပါသေဆုံးခဲ့သည့် ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အတွက် အထိမ်းအမှတ်တစ်ခုကို မြန်မာနိုင်ငံ က ဆောက်လုပ်ခွင့်ပြုခဲ့သည့် သတင်းနှင့် ထိုသို့ဆောက်လုပ် ခွင့်ပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်မှု များရှိ ခဲ့ကြောင်း သတင်းအချို့ကိုကြားသိခဲ့ရသည်။

သို့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်အား မတ် ၅ ရက် တွင် မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်

မေး။ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ ကိုရီးယား လူမျိုးတွေအတွက် အထိမ်းအမှတ်တစ်ခုကို ကိုရီးယားသမ္မတနိုင်ငံကိုဆောက်လုပ်ခွင့်ပြုခဲ့တဲ့ အကြောင်း အရင်းလေးကို အရင်ဦးဆုံးပြောပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။ အခုလို အထိမ်းအမှတ်ဆောက်လုပ်ခွင့် ပြုရခြင်းဟာ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့တဲ့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ
ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများကို လာရောက်ဂါရ၀ပြုစဉ် မှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ မြန်မာဘက်က ဖိတ်ကြားလို့ ကိုရီးယားသမ္မတနိုင်ငံက သမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းဖြစ်ပါ တယ်။ အဲဒီ သေဆုံးခဲ့တဲ့သူတွေအတွက် အထိမ်းအမှတ်တစ်ခုဆောက်လုပ်ခွင့်ပြုဖို့ ကိုရီးယား သမ္မတနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို မေတ္တာရပ်ခံလာခဲ့ပါတယ်။
ဒါကြောင့် သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် စာနာ ထောက်ထားတဲ့အနေနဲ့ ဆောက် လုပ်ခွင့်ပြုဖို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့မှာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကိုရီးယားကိုယ်စား လှယ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ကို မြန်မာတို့ရဲ့စာနာထောက်ထား မှုကို ပြသပေးခြင်းလို့ ပြောလို့ရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို လာရောက်တဲ့ ချစ်ကြည်ရေးခရီးစဉ် အတွင်းမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်တာမို့ အိမ်ရှင်နိုင်ငံအနေနဲ့ အခုလို စီစဉ်ပေးခြင်းဟာ ကြောင်း ကျိုးခိုင်လုံမှု ရှိတယ်လို့ တင်ပြလိုပါတယ်။
အခုလိုခွင့်ပြုခြင်းဟာ နှစ်နိုင်ငံပြည်သူချင်းဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် များစွာ အထောက်အကူပြုမယ်လို့ ကျွန်တော် ဖြည့်စွက်တင်ပြလိုပါတယ်။ မြန်မာ နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ဟာ ၁၉၇၅ ခုနှစ်မှာ သံတမန်ဆက်သွယ်မှုစတင်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ တိုးတက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ဆတက်ထမ်းပိုးတိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။၂၀၁၂ ခုနှစ် မေလမှာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာအီမြောင်ဘတ်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး လာရောက်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကိုရီးယား သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ် အတွင်းမှာ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို တရားဝင်ဖွံ့ဖြိုးမှုအကူအညီနဲ့ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း
ဆောင်ရွက်ရေး ရန်ပုံငွေတို့ကိုပြန်လည်ပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။ Korean Development Institute (KDI) လိုမျိုး မြန်မာနိုင်ငံမှာ Myanmar Development Institute (MDI) ဖွင့်လှစ်ရေး အတွက် သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးအဆင့်၊ ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးမှု တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA) က တစ်ဆင့် အကူအညီပေးမှုတွေ၊ဖောင်ကြီးနဲ့ လှည်းကူးမြို့တို့မှာ ဆမ်မားအွန်ဒုံးလို့ခေါ်တဲ့ စံပြကျေးရွာ တည်ထောင်မှုတွေစတဲ့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ များစွာ ပေးခဲ့ပါတယ်။

မေး။ အခု ဆောက်လုပ်ခွင့်ပြုတဲ့ အထိမ်းအမှတ် နေရာဟာ အာဇာနည်ဗိမာန် ပရဝဏ်အတွင်း ကျရောက်နေတယ်ဆိုပြီး ပြောဆို ကန့်ကွက်မှုတွေကို ကျွန်တော်တို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါ သလား။ မဟုတ်ဘူးဆိုရင်လည်း အမှန်တကယ် တည်ဆောက်မယ့် နေရာက ဘယ်နေရာမှာလဲဆိုတာ သိလိုပါတယ် ခင်ဗျာ။

ဖြေ။ အခု ဆောက်လုပ်ခွင့်ပြုတဲ့ အထိမ်းအမှတ် နေရာက အာဇာနည်ဗိမာန် ပရဝဏ်အတွင်း မှာ မရှိပါဘူး။ ပရဝဏ်အတွင်းမဟုတ်ပါဘူး။ တည်နေရာအမှန်က သွေးဆေးကန်လမ်းဘေး၊ ရွှေတိဂုံ စေတီတော်ကြီးရဲ့ မြောက်ဘက်မုခ်အရှေ့၊ ယာဉ်ရပ်နားကွင်းနဲ့ လုံခြုံရေး အဆောက်အအုံကြားမှာဖြစ်ပါ တယ်။

မေး။ အခု ဆောက်လုပ်မယ့်အထိမ်းအမှတ်က ဘယ်လို ပုံစံရှိပါသလဲခင်ဗျာ။ အဆောက် အအုံအနေနဲ့ ဆောက်လုပ်မှာလား။ဘယ်လိုပုံစံနဲ့ ဆောက်လုပ်မှာလဲ ဆိုတာ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။ သူတို့ ဆောက်လုပ်မယ့် အထိမ်းအမှတ်က အဆောက်အအုံမဟုတ်ပါဘူး။ တိုင် မပါ၊ အမိုးမပါ၊ အမြင့်ငါးပေသာရှိတဲ့နံရံ တစ်ခုသာ ဖြစ်ပါတယ်။ အထိမ်အမှတ်နံရံရဲ့ အတိုင်းအတာအတိ အကျကတော့ အမြင့် ၁ ဒသမ ၅ မီတာ၊ အလျား ၉ မီတာ၊ အနံ ၁ မီတာ ဖြစ်ပါတယ်။ အဲဒီနံရံပေါ်မှာ သေဆုံးခဲ့ရတဲ့ ကိုရီးယားကိုယ်စား လှယ်အဖွဲ့ဝင် ၁၇ ဦးရဲ့ အမည်ကို ရေးသားထားမှာဖြစ်ပါတယ်။

မေး။ အခု ဆောက်လုပ်မယ့်အထိမ်းအမှတ်ကြောင့် အခုအခါ နှစ်စဉ်ကျင်းပနေတဲ့ အာဇာနည်နေ့ အခမ်းအနားကို
အနှောင့်အယှက် ဖြစ်နိုင်မလား။ မဖြစ်ဘူးလားဆိုတာ သိလိုပါတယ်ခင်ဗျာ။

ဖြေ။ အနှောင့်အယှက် မဖြစ် ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တည်နေရာက တခြားစီ ဖြစ်ပါတယ်။ အာဇာနည်ဗိမာန်ကို မြင်ကွင်းအရလည်း အတားအဆီး မဖြစ်ပါဘူး။ ဒါကြောင့် အာဇာနည် နေ့အခမ်းအနား ကျင်းပမှုကို လုံးဝ အနှောင့်အယှက် မဖြစ်စေပါကြောင်း ဖြေကြားလိုပါတယ်။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

MOI Webportal Myanmar