ရတနာပုံ တယ်လီပို့က အချက်အလက် ပြည့်စုံစွာ တင်ပြလာပါက စိစစ်ပြီး တစ်ပါတ်အတွင်း လုပ်ငန်းလိုင်စင် ချထားပေးမည်

ပို့စ်တင်ချိန် - 3/06/2014 07:40:00 PM


စချိုကို

ရန်ကုန် ၊ မဇ္ဈိမ။         ။ ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့ အနေဖြင့် လုပ်ငန်းလိုင်စင်အတွက် အချက်အလက်ပြည့်စုံစွာ ဖြင့်တင်ပြလာပါက တစ်ပါတ်အတွင်း စိစစ်ကာ ဆက်သွယ်ရေး လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီး ဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာ ၏ ညွှန်ကြားရေးမှုး ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရတပုံတယ်လီပို့က ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန သို့ တင်ပြပေးထားခြင်း မရှိသေးပေ။

ဦးသန်းထွန်းအောင်က “ရတနာပုံတယ်လီပို့ဘက် လိုင်စင်တင်ဖို့အတွက် အချက်အလက် မပြည့်စုံသေးပါဘူး။ သူတို့ ( ရတာနာပုံတယ်လီပို့) ဘက်ကနေ ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကို ပြန်လည်မလျှောက် ထားရသေးပါဘူး။ သူတို့ဘက်က တင်ပြပြီးတာနဲ့တစ်ပါတ်အတွင်း ပြန်လည်စိစစ်ပြီး လုပ်ငန်းလိုင်စင် ချထားပေးသွားမှာပါ ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ ရတနာပုံတယ်လီပို့နှင့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ၊ ကာတာနိုင်ငံအခြေစိုက် အူရီးဒူးတို့ကို ရွေချယ်ထားသည်။ ရွေးချယ်ထားသောအော်ပရေတာများတွင် အခြားအော်ပရေတာများမှာ လုပ်ငန်းလိုင်စင် ရရှိထားပြီး ဖြစ်သော် လည်း ရတနာပုံတယ်လီပို့ကိုမူ လုပ်ငန်းလိုင်စင်ချထားပေးခြင်း မရှိသေးပေ။

ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အများပိုင် ကုမ္မဏီအဖြစ်ပြောင်း လဲထားပြီး လက်ရှိတွင်လည်း ကုမ္မဏီ၏ အစုရှယ်ယာများကို ရောင်းချပေးနိုင်ရန်အတွက် စီစဉ်နေသည်ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပြည်ပအော်ပရေတာတစ်ခုနှင့်ပူပေါင်းရန်ပြင်ဆင်နေပြီး အဆိုပါ   အော်ပရေတာကို ရွေးချယ်ရန် စိစစ်နေဆဲ ဖြစ်သည်ဟု ၄င်းကဆိုသည်။

ရတာပုံတယ်လီပို့သည် ထိုင်းနိုင်ငံ ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေသော True Corporation Public Company Limited နှင့်ညှိုနှိုင်းမှုများ ပြုလုပ်နေသည်ဟုလည်း ရတနာပုံ တယ်လီပို့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောထားသေးသည်။

ပြည်ပအော်ပရေတာ တယ်လီနောနှင့် အူရီးဒူးတို့သည် ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး ၁၅ နှစ်သက်တမ်း ရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကို ရှိထားခဲ့ပြီး  လိုင်စင်ရရှိပြီး ခြောက်လနှင့် ရှစ်လ အကြာ တွင် ဆင်းမ်ကတ်များ စတင် ရောင်းချနိုင်မည်ဟုလည်း အဆိုပါကုမ္မဏီများက သတင်းထုတ်ပြန် ထားသည်။

မဇ္ဈိမ