အနိုင်အထက် ပြုနေသူများသို့

ပို့စ်တင်ချိန် - 3/06/2014 03:49:00 PM



(ကလေးအလုပ်သမားတစ်ဦးအား တွေ့ရစဉ်)
(ritten by: သစ်ထွဋ်)

ဖြစ်ရပ်(၁)

စနေနေ့ညတစ်ည ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လူတွေပြည့်သိပ်နေတယ်။ ဆိုင်ထဲရှိလူတွေရဲ့ အာရုံအားလုံးဟာ တိုက်ရိုက်လွှင့်နေတဲ့ တီဗွီဖန်သားပြင်ပေါ်က ပရီးမီးယားဘောလုံးပွဲအပေါ် ရောက်နေကြတယ်။ အဲဒီအချိန်မှာ “ဖြောင်း” ခနဲဆိုတဲ့ အသားချင်း ခပ်ပြင်းပြင်းထိတဲ့ အသံတစ်ခု ဆိုင်ရဲ့အတွင်းနားကျကျ နေရာကနေ ထွက်ပေါ်လာတယ်။ အသံက တော်တော်ကျယ်တော့ ဆိုင်ထဲက ပရီးမီးယားလိဂ်ပွဲကို သဲသဲမဲမဲ အားပေးတဲ့သူတွေ အကုန်လုံးလိုလို အသံထွက်ပေါ်လာရာဆီ လှည့်ကြည့်မိလိုက်ကြတယ်။ သူတို့တွေ့လိုက်ရတာကတော့ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်သာသာ ရှိသေးတဲ့ ဆိုင်စားပွဲထိုးလေးဟာ သူ့ဇက်ပိုးကိုသူကိုင်ရင်း ငိုမဲ့မဲ့ဖြစ်နေတဲ့ မြင်ကွင်းပါ။ ဆိုင်ရှိလူကုန်လှည့် ကြည့်မိစေခဲ့တဲ့ “ဖြောင်း” ဆိုတဲ့ အသံရဲ့ လက်သည်ကတော့ အသက် ၆၀ ကျော်လောက်ရှိတဲ့ ဆိုင်ရှင်အမျိုးသားကြီးဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့်မှန်း မသိဘဲ သူ့မြေးအရွယ် စားပွဲထိုးလေးကို အရှိန်ပြင်းစွာ နားရင်းအုပ်လိုက်ရာက အသံထွက်ပေါ် လာခဲ့တာပါ။ ဆိုင်ထဲကလူတွေ ၀ိုင်းကြည့်နေစဉ်မှာပဲ အမျိုးသားကြီးပါးစပ်က ရုန့်ရင်းကြမ်းတမ်းစွာ ရေရွတ်သံတွေနဲ့အတူ စားပွဲထိုးလေး ကျောပြင်ကို သူ့လက်ဝါးဖြင့် ရိုက်လိုက်ရာ ဗြုန်းဆိုတဲ့အသံကြီး ထွက်လာပြီးနောက် စားပွဲထိုးလေးဟာ ငိုမဲ့မဲ့ဖြစ်ရာကနေ တအီအီနဲ့ မျက်ရည်တွေ ကျလာပေမယ့် အသံထွက်ပြီးတော့ မငိုရဲရှာပါဘူး။ ဆိုင်ထဲက ဘောလုံးပရိသတ် အားလုံးလည်း ရုတ်တရက်ကြောင်ပြီး ကြည့်နေကြစဉ်မှာ ဆိုင်ရှင်အမျိုးသားကြီးက မကျေနပ်နိုင်သေးဘဲ စားပွဲထိုးလေးရဲ့ ခါးဘေးနားကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်ရာ စားပွဲထိုးကလေးငယ်ဟာ ဆိုင်ကြမ်းပြင်သို့ လဲကျသွားခဲ့ပါတယ်။ အဲဒီလို လဲကျသွားစဉ် မှာအမျိုးသားကြီးက နောက်တစ်ခါဆိုင်ကိုလာတဲ့ ဧည့်သည်ကို အူကြောင်ကြောင်လုပ်ရင် ဒီ့ထက်နာမှာဖြစ်ကြောင်း၊ မယုံရင် စမ်းကြည့်နိုင်ကြောင်း၊ ဒီထက်မှတ်လောက်သားလောက်ရှိအောင် လုပ်ပြဦးမှာဖြစ်ကြောင်း စားပွဲထိုးလေးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းဝါးလိုက်ပါတယ်။ ဆိုင်ထဲမှာရှိနေတဲ့ ဘောလုံးပွဲပရိသတ် အများစုရဲ့ မျက်နှာတွေမှာတော့ ဖြစ်ကြပြန်ပြီ ပြောလည်းထူးမှာ မဟုတ်ဘူးဆိုတဲ့ အကြည့်မျိုးလောက်သာ ပေါ်လာကြပြီး မကြာမီမှာတော့ ဘောလုံးပွဲဆီကိုသာ အကြည့်တွေ ပြန်ရောက်သွားကြပါတယ်။ စားပွဲထိုးကလေးငယ်မှာတော့ ငိုမဲ့မဲ့နဲ့ ခုံတစ်ခုံပေါ်က လက်ဖက်ရည်ခွက်တွေ သိမ်းယူပြီး ဆိုင်နောက်ဘက်သို့ ငိုက်စိုက်စိုက် ထွက်သွားလေရဲ့။

ဖြစ်ရပ်(၂)

ရန်ကုန်မြို့ရဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုက အကြော်အလှော်တွေ ရောင်းနေတဲ့ စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်အတွင်း ၀ယ်လူတွေကျလို့ နေပါတယ်။ ဟိုက ခေါက်ဆွဲကြော်နှစ်ပွဲ ၀က်သားနဲ့ပေးပါ။ ဒီက ကုန်းဘောင်ကြီးကြော်တစ်ပွဲ ပေးပါ။ ဒီကိုဟင်းချိုလိုက်ပွဲ ပေးပါဦး စတဲ့အသံမျိုးစုံနဲ့ ရှုပ်ယှက်ခတ်လို့ နေပါတယ်။ ဆိုင်ကဆိုင်ငယ်လေးမို့ ကျဉ်းကျုတ်ပေမယ့် ဆိုင်ရှင်က သဘောလည်းကောင်း လက်ရာမဆိုးတော့ ညဥ့်ဦးပိုင်းဆို ၀ယ်သူတွေနဲ့ လက်မလည်အောင် ရောင်းရတယ်။ အမှာကျတော့ အကြော်ဆရာလည်း လက်မလည်အောင် ကြော်လှော်နေရတာပေါ့။ အဲဒီအချိန်မှာ-

“ဖြောင်း ...ဖြောင်း” ဆိုပြီးအသံ ဆိုင်ရဲ့နောက်နားက ထွက်လာပါတယ်။ ဖြစ်စဉ်ကတော့ ဆိုင်မှာလာဝယ်သူကို ဆက်ဆံတာ မပြေပြစ်လို့ဆိုပြီး ဆိုင်ရှင်က အသက် ၁၀ နှစ်ကျော်လောက်ရှိနေတဲ့ စားပွဲထိုး အလုပ်သမားကလေးကို နားရင်းနှစ်ချက်အုပ်လိုက်တာပါ။ ဈေးဝယ်သူတွေက ၀ိုင်းကြည့်ကြတော့မှ ဆိုင်ရှင်က မင်းတော့နေနှင့်ဦးဆိုတဲ့ အမူအရာနဲ့ ဆက်ရိုက်ဖို့ ပြင်နေရာက လျော့ချသွားပါတယ်။ အရိုက်ခံရသူ ကောင်လေးဟာ ဈေးဝယ်သူတွေ အများကြီးကြားထဲ အရိုက်ခံလိုက်ရတော့ ရှက်ရွံ့တဲ့အမူအရာ ရှိနေပေမယ့် ဒီလိုအဖြစ်မျိုးတွေက သူ့အတွက် မဆန်းတော့တဲ့ အဖြစ်တွေလို့ ယူဆနေလား မသိပါဘူး။ ခုံသုတ်အ၀တ်လေး ကောက်ကိုင်ကာ ခေါင်းကလေးငုံ့ပြီး ဆိုင်ရှင်လည်းဖြစ် အကြော်ဆရာလည်းဖြစ်သူ အနားမှာ ယို့ယို့လေး သွားရပ်နေပါတော့တယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ခေါက်ဆွဲကြော် လာဝယ်သူ တစ်ဦးကတော့ ၀ယ်သူတွေအပေါ် သဘောကောင်းလှပါတယ်ဆိုတဲ့ ဆိုင်ရှင်အကြော်ဆရာရဲ့ ကိုယ်ထိလက်ရောက် အပြုအမူကို နားမလည်နိုင်ဘဲ ဆက်ပဲဝယ်ရကောင်းနိုး၊ လှည့်ပဲပြန်ရတော့မလိုလိုနဲ့ နောက်ဆုံးတော့လည်း စားပွဲထိုးလေး ရိုရိုသေသေလာပေးတဲ့ ခေါက်ဆွဲထုတ်လေးယူကာ ပြန်သွားပါတော့တယ်။

ဖြစ်ရပ်(၃)

ညှီစို့သော အနံ့တို့က အခန်းထဲမှာ လှိုင်ထနေပါတယ်။ ရန်ကုန်မြို့လယ်က မြေညီထပ်တိုက်ခန်းထဲက အခန်းတစ်ခန်းလို့ ဆိုပေမယ့် အုတ်နဲ့အခိုင်အခံ့ ဆောက်ထားတာ မဟုတ်ပါ။ မြေညီထပ်ရဲ့ နောက်ဖေးမှာ အဖီလေးထိုးထားပြီး ၁၀ ပေပတ်လည်လောက် အကျယ်ရှိပြီး လူအချို့ အိပ်လောက်ရုံ သစ်သားကြမ်းခင်းအချို့ကို ခင်းထားပြီး အမိုးကလည်း ကြယ်မြင်လမြင်ပေါ့။ အနီးမှာ အိမ်သာရှိတာမို့ လေဝှေ့တိုင်း အိမ်သာထဲက အနံ့တွေက အခန်းထဲကို ၀င်လာလေ့ရှိပါတယ်။ အခန်းထဲမှာတော့ အ၀တ်အစားတချို့က တိုးလိုးတွဲလဲ၊ တချို့ကလည်း မြွေအရေခွံ အိတ်တွေထဲမှာ ထွက်တစ်ဝက်ပေါ်တစ်ဝက်၊ အထူးသဖြင့် အခန်းအတွင်း ညှီစို့တဲ့အနံ့တွေ ထွက်ပေါ်နေတာက အနီးကပ်ကြည့်ပါမှ ခြုံစောင်တွေပါလားလို့ သိနိုင်မယ့် မည်းသည်းစုတ်ပြတ်တဲ့ အ၀တ်ပုံကြီးတစ်ပုံ။ အခန်းအနီးမှာ စားကြွင်းစားကျန်တွေလည်း ပစ်ထားပြန်တော့ ယင်တွေက တလောင်းလောင်းနဲ့။ ထိုကဲ့သို့ ညစ်ပတ်စုတ်ပြတ်လှတဲ့ အခန်းကတော့ မြို့လယ်မှာ ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က စားပွဲထိုးကလေးငယ်များ အိပ်စက်နားနေရာ အခန်းတစ်ခန်းပဲ ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ တစ်နေ့တာလုံး မိုးလင်းကနေမိုးချုပ် ဇယ်စက်သလို အလုပ်လုပ်ကြရတဲ့ အသက်ခုနစ်နှစ်ကနေ ၁၀ နှစ်ကျော်ရှိကြတဲ့ စားပွဲထိုးကလေးငယ်တွေဟာ ညအိပ်ချိန်ရောက်လာပြီဆိုရင် ဘယ်လောက်ပဲ အနံ့ဆိုးတွေ ထွက်နေပါစေ။ အဲဒီအခန်းထဲမှာ စုပြုံတိုးဝှေ့ပြီး အိပ်လိုက်ကြတာ မနက်ခင်းဆို မနည်းနှိုးယူရတဲ့ အထိပါ။ စားပွဲထိုးလေးတွေက အသက်ငယ်တော့ ထမင်းစားနှုန်းက လူကြီးတွေထက်စာရင် နည်းတော့ ဆိုင်ရှင်က သူ့အတွက် တွက်ခြေကိုက်လို့ အဖျော်ဆရာ၊ မုန့်ဆရာကလွဲလို့ ကလေးလေးတွေချည်းပဲ ခေါ်ခိုင်းထားတာ။ ကလေးဆိုတော့ အတွန့်တက်တာလည်းနည်းတော့ ဘယ်မှာအိပ်ခိုင်းခိုင်း၊ ဘယ်လိုကျွေးကျွေး ပြန်ပြောလေ့ မရှိတာကြောင့် ဆိုင်ရှင်ကတော့ လက်ဖက်ရည်ဆိုင် လာသူတွေကို ကလေးတွေက လူကြီးထက် စိတ်ချရတယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားက မချပါဘူး။ ဆိုင်ထဲမှာ လက်ဖက်ရည်သောက်သူတွေ တရုန်းရုန်းကြားမှာပဲ ကလေးအရွယ် စားပွဲထိုးလေးတွေရဲ့ ၀န်ဆောင်မှုကို မြိန့်မြိန့်ကြီး သောက်နေကြသူတွေနဲ့ လက်ဖက်ရည်ဆိုင်ကလေးကတော့ စည်ကားနေမြဲပေါ့။

ယခုဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေဟာ ကလေးငယ်တွေကို အနိုင်အထက် အလုပ်စေခိုင်းမှုများစွာထဲက အချို့သာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပြဿနာကို အလုပ်သမား ၀န်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကာဖြေရှင်းဖို့ ကြိုးစားနေပေမယ့် နယ်ပယ်အသီးသီးမှာ ကလေးလုပ်သားတွေ အသုံးပြုမှုများကို တွေ့နေရဆဲ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကောက်ယူမယ့် မြန်မာတစ်နိုင်ငံလုံးရှိ လုပ်သားစာရင်း ကောက်ယူမှုတွင်လည်း ကလေးလုပ်သားစာရင်းကို ကောက်ယူသွားဖို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနဲ့ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့်လည်း ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ရာ ယခုလို အနိုင်အထက် အလုပ်စေခိုင်းခြင်းအပြင် ကျန်းမာရေးအရ မသင့်တော်သော နေထိုင်မှုများတွင် နေထိုင်စေခြင်းများဟာလည်း အလုပ်ရှင်များအနေဖြင့် ရှောင်ကြဉ်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ILO ရဲ့ ခန့်မှန်းချက်များအရ ကမ္ဘာတစ်ဝန်းမှာ ကလေးအလုပ်သမား ၈၅ သန်းဟာ အန္တရာယ်ရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေရပြီး အဲဒီအထဲက ၃၃ ဒသမ ၉ သန်းဟာ အာရှနဲ့ ပစိဖိတ်ဒေသက ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကလေးလုပ်သား မည်မျှရှိနေသလဲဆိုတာ မသိနိုင်သေးသလို ကလေးသူငယ်များကို အလုပ်စေခိုင်းခြင်းအပြင် အနိုင်အထက် ပြုကျင့်မှုများ၊ ယင်းတို့ရဲ့ အခွင့်အရေးအတွက် တုံ့ပြန်ပြောဆိုနိုင်စွမ်း မရှိသော ကလေးငယ်များအပေါ် အခွင့်အရေး ယူထားသူများ ရှိနေရာ ယင်းတို့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသင့်ပြီး အနိုင်အထက် ပြုကျင့်နေသူများထံမှ ကာကွယ်နိုင်စေဖို့ လူ့အဖွဲ့အစည်းတွင် နေထိုင်သူများအနေဖြင့် တာဝန်ရှိသလို အစိုးရတာဝန်ရှိသူတွေ အနေနဲ့လည်း ယင်းပြဿနာကို အဖြေရှာဖို့ နိုင်ငံတစ်ဝန်း အနိုင်ကျင့် နှိပ်စက်ခံ ကလေးလုပ်သားလေးများကိုယ်စား တင်ပြလိုက်ရပါတယ်။



Eleven Media Group