မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ အဓိကထားစစ်ဆေး

ပို့စ်တင်ချိန် - 3/06/2014 06:46:00 PM




၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဇန်န၀ါရီ ၂၁ ရက်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ မီလျှံနှင့်နဂါးရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူ လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကနဦး ဓားပြတိုက်ရာတွင် ပါဝင်သူခြောက်ဦးဟု အခင်းဖြစ်ပွားစဉ် ရွှေဆိုင်ဝန်ထမ်းများက ထွက်ဆိုခဲ့သော်လည်း ကြံရာပါ ကူညီသူတစ်ဦး အပါအ၀င် တရားခံခုနစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိလေးဦးအား စစ်ဆေးနေကြောင်း သိရသည်။

“ပထမဦးဆုံး ငွေထွန်းဆိုတဲ့သူကို ကချင်ပြည်နယ် တနိုင်းမြို့မှာ သွားဖမ်းခဲ့တာပါ။ သူကမှတစ်ဆင့် တခြားပါဝင်တဲ့ တရားခံတွေဖြစ်တဲ့ အိုက်နုတ်၊ အိုက်တုတ်နဲ့ တာလန်တို့ကို ရှမ်းအရှေ့ခြမ်း ရွာတွေကမှ ထပ်မံဖမ်းဆီး ရမိတာပါ။ ဒါပေမယ့် သူတို့က ၀န်ခံထွက်ဆိုပေမယ့် ကျန်တဲ့သုံးဦးကို မဖော်သလို ရွှေထည်ပစ္စည်းထားတဲ့ နေရာနဲ့ ဘယ်သူ့ဆီ ပါသွားလဲဆိုတဲ့ အရာတွေကို မသိဘူးပဲ ငြင်းနေတယ်။ အခင်းဖြစ်ပွားစဉ် ကျူးလွန်ခဲ့တဲ့ တရားခံလေးဦးဆိုတာတော့ အနီးစပ်ဆုံး သေချာပါတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

ယင်းဓားပြတိုက်မှု ဖြစ်စဉ်အတွက် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနတပ်ဖွဲ့မှ စတင်ဖြစ်ပွားစဉ် ကာလကတည်းက သွားရောက်စုံစမ်းနေကြောင်းနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကို မည်သည့်နေရာမှ ရရှိသည်ကို အဓိကထား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

“သူတို့တွေက ဟုတ်တယ်ဝန်ခံပြီး ရွှေတွေထားတဲ့နေရာကို လုံးဝမပြောတဲ့အတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ စုံစမ်းပြီးရတဲ့ သက်သေခံ ရွှေထည်ပစ္စည်းတွေကလည်း အရည်ကျိုပြီးသား ဖြစ်နေတယ်။ နောက်ပြီး ထပ်ပြီးစုံစမ်းရမိတဲ့ ရွှေထည်ကိုလည်း သူတို့ရဲ့ မိသားစုဝင်တွေက ရွှေဝယ်တဲ့ဘောင်ချာပြတယ်။ အဲဒီဘောင်ချာကလည်း အသစ်ကြီးဖြစ်နေသလို မင်ခံမပါတဲ့အတွက် ခိုင်မာမှုရှိအောင် ထပ်စုံစမ်းနေရတယ်” ဟု ဒုတိယရဲမှူးကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါ မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုဖြစ်စဉ်ကြောင့် မီလျှံရွှေဆိုင် သားမက်ဖြစ်သူ သေနတ်ဒဏ်ရာရရှိကာ အနီးနားမှန်ဆိုင်မှ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကာ ရွှေခြောက်ပိဿာခန့် ပါသွားခဲ့ခြင်းဖြစ်သည်။

Eleven Media Group