မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တာဝါတိုင်တည်ဆောက်ရန် မြေငှားရမ်းခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း အော်ရီဒူး ပြောကြား

ပို့စ်တင်ချိန် - 3/06/2014 10:28:00 AM


Written by: စောရည်နန္ဒာ
ရန်ကင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်အား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိထားသည့် အော်ရီဒူးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေငှားခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ အော်ရီဒူးအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီ အချို့နှင့်လည်း ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တာဝါတိုင် ဆောက်လုပ်ရေးတွေမှာ ဆောက်လုပ်ခွင့်တွေကျဖို့က ကျွန်တော်တို့ထင်ထားတာထက် ပိုကြာနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာက တာဝါတိုင်တွေဆောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန် ပြီးစီးဆောင်ရွက်ဖို့ ဆိုတာကလည်း လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု အူရီးဒူးမြန်မာ၏ အလုပ်အမှုဆောင်ချုပ် Ross Cormack ကဆိုသည်။ Ooredoo ကုမ္ပဏီသည် 3G ကွန်ရက်နှင့် စတင်ဖြန့်ကြက်မည်ဖြစ်ပြီး 3G ကွန်ရက်အတွက် အဓိကကျသော ရေဒီယို စက်ပစ္စည်းများအတွက် ပံ့ပိုးသူအနေနဲ့ NSN ကုမ္ပဏီကို ခန့်အပ်ထားပြီး ပြည်တွင်းမိုဘိုင်းကွန်ရက် ဖြန့်ကြက်ရန် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ လိုင်စင်ရကုမ္ပဏီနှစ်ခု အနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆင်းမ်ကတ်များ ရောင်းချနိုင်ရန်အတွက် အပြိုင်အဆိုင် ပြုလုပ်သွားရမည်ဖြစ်သည်။

news-eleven