အမေရိကန် IRI အဖွဲ့မှ ကောက်ယူခဲ့သော စစ်တမ်းတွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကိုပို နှစ်သက်ကြသည်ဆိုသည့် အချက်အပေါ် မကျေနပ်၍ နိုင်ကျဉ်းအဖွဲ့မှ စစ်တမ်းထပ်ကောက်မည်

ပို့စ်တင်ချိန် - 6/17/2014 12:27:00 PM



မင်းသူအောင်

IRI ၏ စစ်တမ်းသည် လူထု သဘောထား အမှန်များ မဟုတ်သောကြောင့် အဆိုပါ စစ်တမ်းကဲ့သို့ စစ်တမ်း တစ်ခုကို ထပ်မံ ကောက်ယူ သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ သိရသည်။ ထိုကဲ့သို့ ကောက်ယူရန် ဆုံးဖြတ်ထားသော်လည်း နည်းပညာ အခက်အခဲ၊ ရန်ပုံငွေ အခက်အခဲကြောင့် မည်သည့် အချိန်တွင် ကောက်ခံမည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ကျွန်တော်တို့မှာ နည်းပညာ အခက်အခဲ တွေရှိတယ်။ ပြီးတော့ ဒီလို စစ်တမ်းတွေက အကုန်အကျ များတယ်။ ဒါကြောင့် နည်းပညာ တွေ၊ ရန်ပုံငွေတွေ အဆင်သင့် ရအောင် လုပ်ပြီးတော့မှ ကောက်နိုင်မှာပါ။ ဒါပေမဲ့ IRI ရဲ့ စစ်တမ်း လိုမျိုး ခက်တဲ့ မေးခွန်းတွေပါမှာ မဟုတ်ပါဘူး။ ရှင်းရှင်း လင်းလင်း နဲ့ Yes or No ဖြေလို့ရတာတွေကို မေးသွားမှာပါ ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။

International Republic Institute (IRI) သည် အစိုးရ၏ လုပ်ဆောင်မှုများနှင့် မြန်မာနိုင်ငံ၏ အခြေအနေများ အပေါ် လူထု၏ သဘောထား အမြင်စစ်တမ်းကို ပြည်နယ်နှင့် တိုင်းအနှံ့ရှိ အမျိုးသား၊ အမျိုးသမီးပေါင်း (၃၀၀၀) ကို လိုက်လံ မေးမြန်း စစ်တမ်း ကောက်ယူခဲ့ပြီး ဧပြီလ အတွင်းက ထုတ်ပြန်ခဲ့ရာ အဆိုပါ စစ်တမ်းမှာ မှန်ကန်မှု မရှိဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။


အဆိုပါ စစ်တမ်းတွင် ပါရှိသော အလုပ်လက်မဲ့ ပြဿနာသည် မြန်မာနိုင်ငံ၏ အဓိက ပြဿနာဟု ဖြေဆိုကြ သော်လည်း စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေ ကောင်းမွန်သည်ဟု ဖြေဆိုထားမှုများ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် ထက် ပိုမို နှစ်သက်သည် ဟုသော ဖြေဆိုထားမှုများ၊ ရဲတပ်ဖွဲ့ကို လွှတ်တော်ထက် ပိုမို နှစ်သက်သည်ဟု ဖြေဆိုထားမှုများ၊ တရားရုံးများကို ပါတီများ ထက် ပိုမို နှစ်သက်သည်ဟု ဖြေဆို ထားမှုများနှင့် တိုင်းရင်းသားများက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ထက် ပြည်ထောင်စု အစိုးရ၏ ဗဟို ချုပ်ကိုင်မှုကို ပိုလိုလားသည် ဟူသော အချက်များ အပေါ် ဝေဖန်မှုများရှိ နေသည်။
The Messenger